စစ်အေးတိုက်ပွဲပြီး ကတည်းက မကြားရတော့တဲ့ ကြိုတင် သတိပေးတဲ့ အချက်ပေး ဥသြ သံတွေကို ပထမဆုံး အကြိမ်အဖြစ် Hawaii မှာ ကြားလာရပြီ ဖြစ်ပါတယ်။ ဒါဟာ မြောက် ကိုရီးယားက န ျူကလီယား တိုက်ခိုက်မှုတွေ လုပ်နိုင်ခြေ ရှိနေတဲ့အတွက် ဒေသခံတွေ ကြိုတင် ပြင်ဆင်နိုင်အောင် သတိပေးဖို့ Hawaii ပြည်နယ်အာဏာပိုင်တွေက ဒီဇင်ဘာလ ၁ ရက်နေ့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်တွေဟာ Hawaii, Guam နဲ့ အမေရိကန် ပြည်ထောင်စု တည်ရှိရာ အမေရိကတိုက် မြောက်ပိုင်းအထိ ရောက်နိုင်ပြီလို့ ကြေညာခဲ့တဲ့ နောက်ပိုင်းမှာ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
Hawaii ဒေသခံတွေ ကြားနေကျ ဆူနာမိရေလှိုင်း သတိပေးချက် ပုံမှန်ထုတ်လွှင့်တဲ့ အစမ်း အချက်ပေးသံ အပြီးမှာ နျူကလီယား သတိပေးချက် တမိနစ်တာ ဥသြသံ ထွက်လာတာ ဖြစ်ပါတယ်။ သဘာဝ ဘေးအန္တရာယ်အတွက် သတိပေးချက်က အသံ တညီထဲ ဖြစ်ပေမယ့် နျူကလီယားအတွက် သတိပေးချက်က အသံ အတိုအရှည်နဲ့ လွှင့်ပေးတာပါ။
ဒေသခံတွေ အတွက် သတိပေးတဲ့ နည်းလမ်း ၃ ခုထဲက ဒီဥသြသံလည်း တခုပါပြီး ရုပ်သံ လွှင့်မှုတွေ ရေဒီယိုအသံလွှင့်မှုတွေကို ခေတ္တရပ် ဆိုင်းပြီး ထုတ်လွှင့်ပေးမှာ ဖြစ်ကြောင်း Hawaii ပြည်နယ် စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး Joe Logan က ပြောပါတယ်။ ဒါ့အပြင် ဘာတွေ ဖြစ်နေတယ် တာဝန်ရှိသူတွေက ဘာတွေ လုပ်နေတယ် ဆိုတာကို လည်း ပြောပြမှာ ဖြစ်ကြောင်း ပြောပါတယ်။
မြောက်ကိုရီးယားက Hwasong-15 လို့ သူတို့ခေါ်တဲ့ ကမ္ဘာ့တိုက်ကြီးတွေကို ဖြတ်ကျော် ပစ်ခတ်နိုင်တဲ့ နျူကလီယားသုံး ပဲ့ထိမ်းတပ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ သီတင်းပတ် ထဲမှာပဲ အခုလို အချက်ပေးဥသြသံကို စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။ Hawaii အုပ်ချုပ်ရေးမှုး David Ige ကတော့ အခု မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုဟာ နောက်ဆုံးပုံမှန် ခြိမ်းခြောက်မှု ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
ဒီနေ့အတွက် တိုက်ခိုက်ဖို့ သိပ်မရှိသေးပေးမယ့် ကြိုတင်ပြင်ဆင်မှုဟာ အရေးပါတယ်လို့ ယုံကြည်တာမို့ ဖြစ်နိုင်ချေအားလုံးအတွက် ကြိုတင်ပြင်ဆင်ဖို့ စီစဉ်ထားပါတယ်လို့လည်း ပြောပါတယ်။
Your browser doesn’t support HTML5