ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး လွှတ်တော်မှာ စတင်ပြင်ဆင်

ပြည်ထောင်စုလွှတ်တော် ပုံမှန် အစည်းအဝေးကျင်းပနေတဲ့ မြင်ကွင်း (မေ ၁၀၊ ၂၀၂၀)

(Zawgyi/Unicode)

ပြည်ထောင်စုလွှတ်တော်ခေါ်ယူ ကျင်းပတဲ့အခါမှာ COVID-19 ရောဂါကာကွယ်ရေးအတွက် လွှတ်တော်အမတ်တွေကို ဘယ်လိုကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးမလဲဆိုတာကို တင်ဆက်ပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြပေးပါမယ်။

၁၆ ကြိမ်မြောက် လွှတ်တော်ပုံမှန်အစည်းအဝေးကို အခုလ ၁၈ ရက်နေ့ကစပြီး နေပြည်တော်မှာ ကျင်းပမှာဖြစ်လို့ တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေမှာ ကိုဗစ်ရောဂါရှိ၊ မရှိ စစ်ဆေးပေးတာကို သုံးရက်တာ လုပ်ဆောင်သွားမှာပါ။

လာမယ့် ၁၃ ရက်နေ့မှာ အထောက်အကူပြု ဝန်ထမ်းတွေဖြစ်တဲ့ စည်ပင်ဧည့်ရိပ်သာက ဝန်ထမ်းတွေနဲ့ လွှတ်တော်မှာ ရှိတဲ့ဝန်ထမ်းတွေအပါအဝင် ယာဉ်မောင်းတွေကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကိုတော့ ၁၄ ရက်နေ့မှာ စစ်ဆေးမှာ ဖြစ်ပြီး ၁၅ ရက်နေ့မှာတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဒါပေမဲ့ ရန်ကုန်ကနေ ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့ကိုတော့ အထူးအစီအစဉ် တခုအနေနဲ့ ဒီကနေ့မှာပဲ စပြီးစစ်ခဲ့တယ်လို့ နေပြည်တော်မှာရှိတဲ့ ဒုတိယတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးစုကြည်က VOA ကိုပြောပါတယ်။

“ကျမတို့ရဲ့ အထူးအစီအစဉ်တခုက ရန်ကုန်တိုင်းမှာ Stay at Home လုပ်ထားတဲ့မြို့နယ် ၁၀ မြို့နယ်ကနေ လာသောကိုယ်စားလှယ်များကိုပါ။ အဲဒါကိုတော့ ဒီနေ့စစ်ပေးဖို့တောင်းဆိုလာလို့ ကျမတို့က ဒီနေ့စစ်ပေးလိုက်တာပါရှင့်။”

စစ်ဆေးပေးမယ့် သတ်မှတ်ကာလ ၃ ရက်အတွင်းမှာ လူဦးရေ ၉၀၀ ဝန်းကျင်ကို ဓာတ်ခွဲနမူနာယူသွားမှာလို့ သိရပါတယ်။ စစ်ဆေးခံရသူတွေထဲမှာ ရောဂါပိုးရှိလူနာတွေ့ခဲ့တယ်ဆိုရင် နေပြည်တော်ခုတင် ၁,၀၀၀ ဆေးရုံနဲ့ ချိတ်ဆက်ပြီး ကုသရေးအတွက် စီစဉ်ထားတယ်လို့ပြောပါတယ်။

SEE ALSO: လွှတ်တော်လုပ်ငန်းတွေ ပြန်စမယ့်အပေါ်စိုးရိမ်

လွှတ်တော်မတိုင်ခင်မှာ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးမှာဖြစ်ပြီးတော့ လွှတ်တော်ကာလအတွင်းမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေ ပြုလုပ်သွားမယ့်အကြောင်းကို ဒေါက်တာမျိုးစုကြည်က ဆက်ပြောပါတယ်။

“လွှတ်တော်ထဲမှာလည်း ကျမတို့က လွှတ်တော်စတက်တဲ့နေ့ ၁၈ ကနေစပြီးတော့ ပြီးတဲ့အထိကိုလည်း ကျမတို့ Thermal Scanner တွေ တပ်ထားပါတယ်။ လွှတ်တော်တက်ရောက်မယ့်သူများကို နေ့စဉ်အဝင်မှာ Fever Screening လုပ်ဖို့ရယ်၊ လိုအပ်လို့ရှိရင် ဆက်လက်ပြီးတော့ ကုသမှုပေးဖို့ကတော့ Medical Cover ဆေးခန်းတွေနဲ့ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားမယ်။”

ဒီကနေ့မနက်ပိုင်းမှာ ဓာတ်ခွဲနမူနာ စစ်ဆေးခံခဲ့တဲ့ ဗိုလ်တထောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုးက လွှတ်တော်မှာ ဆောင်ရွက်ထားရှိတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီးတော့ အခုလိုပြောပါတယ်။

“လွှတ်တော်မှာလည်း သေချာစီစဉ်ထားတယ်လို့ ကျမတို့ကြားပါတယ်။ ဥပမာ တခုံခြားစီစဉ်ထားတယ်။ နောက်တခုကလည်း Social Distancing ဖြစ်အောင်လို့ စားသောက်ဆိုင်တွေမှာ သေချာခုံတွေ ချဲထားတယ်လို့လည်း ကျမတို့ကြားရတယ်ပေါ့နော်။ အရင်တုန်းကဆိုရင်တော့ လွှတ်တော်လာတက်လို့ရှိရင် ဘာမှလာမမေးပါဘူးရှင့်။ အခုကတော့ ကျမတို့ကိုလာမေးပါတယ်။ ဖယ်ရီနဲ့တက်မှာလား၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် တက်မှာလားဆိုတာလေးတွေတော့ နှစ်ကြိမ်လောက်ရှိပါပြီ လာမေးပါတယ်ရှင့်။”

SEE ALSO: မြန်မာနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပဖြစ်မှာလား

အခုလို ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်နေတဲ့ကာလမှာ လူစုလူဝေးနဲ့ပြုလုပ်တဲ့ လွှတ်တော်အစည်းအဝေးတွေ ပြန်စမှာဖြစ်လို့ တချို့ကိုယ်စားလှယ်တွေကတော့ တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ရခိုင်အမျိုးသားပါတီဝင် မြောက်ဦးမြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကတော့ အခုလိုကာလမှာ လွှတ်တော်အစည်းအဝေး မတက်ဖြစ်ရတဲ့အကြောင်းရင်းကို ပြောလာပါတယ်။

“ကျနော်ကတော့ တက်ဖြစ်မှာ မဟုတ်ဘူး။ သွားရေးလာရေးကတော့ စီစဉ်ပေးမယ်လို့ ပြောတာပေါ့လေ။ ဒါပေမဲ့ ကျနော်တို့က အသက်ကြီးပြီဆိုတော့ Home Stay နေတာပဲကောင်းပါတယ်။ ဒီဟာက တိုင်းပြည်မှာလည်း Home Stay နေဖို့ပဲပြောတာ Home Stay နေတာကောင်းတယ်။ အဲတော့ သိပ်မသွားချင်ဘူး။ နောက်တချက်က လွှတ်တော်ရဲ့သဘောသဘာဝပေါ့လေ။ ဒါကအရေးပေါ်ခေါ်တယ်။ ကျနော်ထင်တာကတော့ ဘတ်ဂျက်ကိစ္စလောက်ပဲထင်တယ်။ ဒီဟာကလည်း ကျနေ်ာတို့အတွက် ဘာမှလည်းသိပ်ပြီးထူးတာ မဟုတ်ဘူးပေါ့နော်။ အငြင်းပွားစရာလည်း မရှိဘူး။ ကျနော်တို့ ရခိုင်ပြည်ရေးရာကို တင်ပြစရာလည်း အကြောင်းမရှိဘူး။ တင်ပြတော့လည်း ထူးမှာလည်းမဟုတ်ဘူး။ အဲတော့ ဒီအချိန်ကာလမှာ ဘတ်ဂျက်ပဲဆိုတော့ ကျနော့်အတွက် တက်လည်းမထူး၊ မတက်လည်းမထူးဘူးဆိုတော့ မတက်တာပဲကောင်းတယ်လေ။”

လွှတ်တော်ကိုယ်စားလှယ်တွေကို နေပြည်တော်မှာရှိတဲ့ နားနေဆောင်တွေမှာ ၅ ရက်တာအသွားအလာကန့်သတ်ထားပြီး ကိုဗစ်ရောဂါရှိ၊ မရှိ စစ်ဆေးသွားမှာ ဖြစ်ပြီးတော့ ရလဒ်ကို ၂၄ နာရီအတွင်း အသိပေးသွားမယ်လို့ သိရပါတယ်။

Your browser doesn’t support HTML5

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး လွှတ်တော်မှာ စတင်ပြင်ဆင်

[Unicode Version]





SEE ALSO: အရေးပေါ်အခြေအေန ကြေညာတာနဲ့ဆိုင်တဲ့ ပုဒ်မတချို့ပြင်ဆင်ရေး မအောင်မြင်









SEE ALSO: တောင်ကုတ်မြို့နယ် ANP ဥက္ကဋ္ဌနဲ့ စည်ပင်အရာရှိတွေ ဖမ်းဆီးခံရ


