ဟောင်ကောင်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ သတင်းထောက်နှစ်ယောက်ကို ဒီနေ့ ပြစ်ဒဏ်ချပါတယ်။ တရုတ်ဘာသာနဲ့ထုတ်ဝေတဲ့ Stand News သတင်းဌာနက အယ်ဒီတာချုပ်ဟောင်း Chung Pui-kuen ကို ထောင်ဒဏ် ၂၁ လ ချမှတ်လိုက်ပြီး ယာယီ အယ်ဒီတာချုပ် Patrick Lam ကတော့ လျှော့ရက်နဲ့ အကျဥ်းထောင်ထဲ ထိန်းသိမ်းခံထားရတဲ့ ရက်တွေကြောင့် ထောင်ထဲမှာ ပြစ်ဒဏ် ဆက်ခံစရာ မလိုတော့ပါဘူး။
အခုလို သတင်းထောက်နှစ်ဦး ပြစ်ဒဏ်စီရင်ခံရတာဟာ တချိန်တုန်းက အာရှရဲ့ သတင်းလွတ်လပ်ခွင့် အရှိဆုံး မီးရှုးတန်ဆောင် ဖြစ်ခဲ့တဲ့ ဟောင်ကောင်ကျွန်းရဲ့ သတင်းလွတ်လပ်ခွင့်ကို စမ်းသပ်တဲ့ အမှုအဖြစ် အများက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြပါတယ်။ အယ်ဒီတာချုပ်ဟောင်း Chung Pui-kuen နဲ့ ယာယီ အယ်ဒီတာချုပ် Patrick Lam တို့ဟာ ၁၉၉၇ ခုနှစ် ဗြိတိန်အုပ်ချုပ်မှုအောက်က လွှဲပြောင်းပြီး နောက်ပိုင်း ကိုလိုနီခေတ်က ကျင့်သုံးတဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပုန်ကန်မှုနဲ့ ပထမဆုံး တရားစွဲဆိုခံခဲ့ရတဲ့ သတင်းထောက်တွေလည်း ဖြစ်ပါတယ်။
Stand News သတင်းဌာနဟာ ၂၀၁၉ ခုနှစ် ဟောင်ကောင်မှာ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက နှိမ်နှင်းခဲ့တာတွေနဲ့ ပတ်သက်လို့ ဝေဖန်ရေးသားခဲ့တဲ့ သတင်းဌာနတွေထဲက တခု ဖြစ်ပြီး အခုတော့ ပိတ်ပင်ခံထားရပါတယ်။ ဒီမိုကရေစီရေး အဓိက ရေးသားထောက်ခံတဲ့ Apple Daily သတင်းစာကိုလည်း ပိတ်ပင်ထားပြီး သတင်းစာတိုက် တည်ထောင်သူ Jimmy Lai ကို ၂၀၀၀ ခုနှစ်က တရုတ်အစိုးရ ပြဌာန်းတဲ့ အမျိုးသားလုံခြုံရေး အက်ဥပဒေနဲ့ တရားစွဲဆိုပြီး လအတန်ကြာမှာ Stand News သတင်းဌာနကို ပိတ်ပစ်ခဲ့တာပါ။
Your browser doesn’t support HTML5