ဟောင်ကောင်ဆန္ဒပြသမားတွေကို ခိုလှုံခွင့် မပေးဖို့ တရုတ်သတိပေးမှု ကနေဒါ လက်မခံ

ဟောင်ကောင်ဆန္ဒပြ ခေါင်းဆောင် Lee Cheuk-Yan အပါအဝင် ဆန္ဒပြနေသူများ

(Zawgyi/Unicode)

ဟောင်ကောင်က ဒီမိုကရေစီ လိုလားသူ ဆန္ဒပြသူတွေကို နိုင်ငံရေး ခိုလှုံခွင့် မပေးဖို့ တရုတ်နိုင်ငံက ကနေဒါနိုင်ငံကို သတိပေးလိုက် ပါတယ်။ ဟောင်ကောင်က ဆန္ဒပြသူတွေကို ခိုလှုံခွင့်ပေးတာက ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာ ဖြစ်ကြောင်းနဲ့ ဆန္ဒပြသူတွေဟာ အကြမ်းဖက် ရာဇဝတ်သားတွေဖြစ်တယ်လို့ တရုတ်ထိပ်တန်း သံတမန် တစ်ယောက်က ပြောဆိုလိုက်တာပါ။

ကနေဒါနိုင်ငံသား ဟောင်ကောင်ရဲ့ တည်ငြိမ်မှုကိုလိုလားမယ်၊ ဟောင်ကောင်မှာရှိတဲ့ ကနေဒါ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ လူ ၃ သိန်းနဲ့ ကနေဒါ ကုမ္ပဏီတွေရဲ့ ဘေးကင်းလုံခြုံမှုကို ဂရုစိုက်မယ်ဆိုရင် ကနေဒါအနေနဲ့ အကြမ်းဖက် ရာဇဝတ်မှုနှိမ်နင်းရေးအားထုတ်မှုကို ထောက်ခံသင့်တယ်လို့လည်း ကနေဒါဆိုင်ရာ တရုတ် သံအမတ်ကြီး Cong Peiwu က ပြောပါတယ်။

ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး Francois-Philippe Champagne ကတော့ တရုတ် သံအမတ် Cong ရဲ့ ပြောကြားချက်ဟာ စိုးရိမ်စရာဖြစ်ပြီး လက်ခံနိုင်စရာ လုံးဝ မရှိကြောင်း ပြန်လည် တုန့်ပြန် ပြောကြားခဲ့ပါတယ်။

ကနေဒါအနေနဲ့ လူ့အခွင့်အရေးနဲ့ ကမ္ဘာတစ်ဝှမ်းက ကနေဒါပြည်သူတွေရဲ့ အခွင့်အရေးအတွက် ရပ်တည်ချက်မှာ ခြွင်းချက်မရှိဘူးဆိုတာကို တရုတ် သံအမတ်ကြီးကို ပြောကြားဖို့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ညွှန်ကြားထားတယ်လို့လည်း ဝန်ကြီး Francois-Philippe Champagne က ပြောပါတယ်။

ဒီသီတင်းပတ်အစောပိုင်းတုန်းက ကနေဒါဝန်ကြီးချုပ် Justin Trudeau ကတရုတ်နိုင်ငံရဲ့အဓမ္မ သံတမန်ရေး"coercive diplomacy" နဲ့ တရုတ်တို့ ဟောင်ကောင်နဲ့ Xinjiang ပြည်နယ်မှာ ပြုလုပ်နေတဲ့ ဖိနှိပ်မှုတွေနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန် ခဲ့တာပါ။

ဝန်ကြီးချုပ် Justin Trudeau ဝေဖန်ချက်အပေါ် သံအမတ်ကြီး Cong က အဓမ္မ သံတမန်ရေးဆိုတာ မရှိသလို ဟောင်ကောင်နဲ့ Xinjiang ပြည်နယ် ကိစ္စတွေဟာလည်း လူ့အခွင့်အရေးကိစ္စတွေနဲ့ မဆိုင်ဘူးလို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

ဟောင်ကောင်မှာ မနှစ်က လချီ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်မှာ တရုတ်အစိုးရက အမျိုးသား လုံခြုံရေး ဥပဒေကို ပြဌာန်းခဲ့တာပါ။ အဲဒီ ဥပဒေအရ ခွဲထွက်ရေး လှုပ်ရှားမှု၊ အဖျက်အမှောက် အကြမ်းဖက်လုပ်ရပ်နဲ့ နိုင်ငံရပ်ခြားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရင် ရာဇဝတ်မှု မြောက်ပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါ အပါအဝင် အနောက်အင်အားကြီး နိုင်ငံတွေက အဲဒီ ဥပဒေကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချထားပါတယ်။

Your browser doesn’t support HTML5

ဟောင်ကောင်ဆန္ဒပြသမားတွေကို ခိုလှုံခွင့် မပေးဖို့ တရုတ်သတိပေးမှု ကနေဒါ လက်မခံ


.............


(Unicode)







