ဟောင်ကောင်သတင်းမီဒီယာတွေ ပိုမိုတင်းကြပ်ခံလာရ 

ဟောင်ကောင် Apple Daily သတင်းစာတိုက်က သတင်းထောက်တွေ အလုပ်ခန်း။ (မေ ၁၁၊ ၂၀၂၁)

ဟောင်ကောင်သတင်းဌာနေတွေမှာ နိုင်ငံရေးအရအထိမခံတဲ့သတင်းတွေကို မရေးကြဖို့၊ တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်ချက်တွေထွက်မလာမချင်း သတင်းတွေကိုဆိုင်းထားဖို့နဲ့ အစိုးရကသဘောမကျမဲ့ စကားလုံးအသုံးအနှုံးတွေကိုလည်း မသုံးကြဖို့ အယ်ဒီတာတွေက သတင်းထောက်တွေကို ပြောထားတယ်လို့ ဒေသန္တရသတင်းထောက်တွေက ပြောပါတယ်

ဗြိတိန်လက်ထဲကနေ တရုတ်နိုင်ငံရဲ့အုပ်ချုပ်မှုအောက် ပြန်ရောက်လာတဲ့ဟောင်ကောင်မှာ ၂၀၂၀ ခုနှစ်က နိုင်ငံတော်လုံခြုံရေးဥပဒေပြဌာန်းခဲ့ပြီးတဲ့နောက်ပိုင်း သတင်းဌာနတွေရဲ့ လက်ရှိအခြေအနေကို သတင်းထောက်တွေက ပြောပြခဲ့တာပါ။ တခါတလေ သတင်းထောက်အလုပ်လုပ်နေတယ်လို့မခံစားရဘဲ ဝါဒဖြန့်မှုမှာပါနေရတဲ့လူတွေလိုခံစားရတယ်လို့လည်း သတင်းထောက်တွေက ပြောပါတယ်။ ကျောင်းတွေမှာ လေ့လာသင်ယူခဲ့ရသလို လုပ်ကိုင်ခွင့်မရတဲ့အတွက် စိတ်ဓာတ်တွေပါ ကျနေကြတယ်လို့ နာမည်မဖော်လိုတဲ့ ဟောင်ကောင် သတင်းထောက်တယောက်က ပြောပါတယ်။

တချိန်တုန်းကတော့ ဟောင်ကောင်သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ အာရှတိုက်မှာတော့ စံပြဖြစ်ခဲ့ပေမဲ့ နိုင်ငံတော်လုံခြုံရေးဥပဒေပြဌာန်းလိုက်ပြီးတဲ့နောက် သတင်းအရည်အသွေးတွေလည်း ကျဆင်းလာပါတယ်။ သတင်းတွေကိုလည်း ကိုယ့်ဖာသာ ထိန်းပြီးရေးတာမျိုး ပိုလုပ်လာကြသလို အတိုက်အခံတွေဘက်ကအသံတွေလည်း သိပ်မထည့်ကြတော့ဘူးလို့လည်း ပြောပါတယ်။ သတိထားပြီး သတင်းတွေရေးတာမျိုး ပိုလုပ်လာကြတယ်လို့လည်း ဟောင်ကောင်သတင်းထောက်တွေက ပြောဆိုကြပါတယ်။

၂၀၂၀ မတိုင်ခင်တုန်းကတော့ ဒီမိုကရေစီတိုင်းပြည်တခုလို ဟောင်ကောင်မှာ သတင်းတွေကို စိတ်တိုင်းကျ လွတ်လပ်စွာ ရေးသားပုံနှိပ်ခဲ့ကြတာဖြစ်ပါတယ်။