စစ်တပ်ခပ်စိပ်စိပ် ဗုံးကြဲနေတဲ့ သိန္နီမြို့နဲ့ သီပေါမြို့

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ လေကြောင်းက ဗုံးကြဲခံရပြီးနောက်မြင်ကွင်း (အောက်တိုဘာ ၁၀၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီနဲ့ သီပေါမြို့တွေကို အခုရက်ပိုင်း စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် လုပ်နေပါတယ်။ ညီနောင်မဟာမိတ်တပ်တွေ သိမ်းပိုက်ထားတဲ့ မြို့တွေကို ခုလို ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ပြည်သူတွေ သေဆုံး ဒဏ်ရာရခဲ့တာမှာ သီပေါမြို့မှာ သီလရှင်တပါး သေဆုံးသွားပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

MNDAA ကိုးကန့်တပ်တွေ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ကို အခု ၂၀၂၄ ခုနှစ်ဆန်းပိုင်းက သိမ်းယူခဲ့ပြီးနောက် စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုတွေ ၅ ကြိမ်ထက်မနည်းလုပ်ခဲ့တာမှာ ဒီနေ့ အောက်တိုဘာ ၁၀ ရက် မနက်အစောပိုင်းကတော့ သိန္နီမြို့နယ်ထဲက ရွာတရွာ ဗုံးကြဲခံရပါတယ်။ လူအများအိပ်နေချိန် မနက် ၂ နာရီလောက်မှာ ဗုံးကြဲခံရတာကို သိန္နီဒေသခံတဦးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“ပန်လော့ကျေးရွာအုပ်စု မန်ချက်ရွာမှာဖြစ်တာ။ မန်ချက်ရွာပေါ့။ မြို့နဲ့ ၂ မိုင်၊ ၂ မိုင်ခွဲလောက်တော့ ဝေးတယ်။ ဒီမနက် ၂နာရီခွဲလို့ ပြောတယ်။ ထိခိုက်တာကတော့ အိမ် တအိမ် ထိတာရယ်။ ပြီးတော့ လူတော့ မထိဘူးလို့ လည်း ပြောတယ်။ တချို့ကျ ၅ယောက် ထိတယ်တဲ့ အဲလိုလည်း ပြောနေတယ်။”

ဒေသသတင်းမီဒီယာတွေမှာလည်း လူ ၅ ယောက် ထိခိုက်တယ်လို့ ဖော်ပြကြပါတယ်။ MNDAA သိမ်းပိုက်ထားပြီးနောက် ဒီနှစ် ဇူလိုင်လ ၁၁ ရက်ကနေ ၁၈ ရက်အတွင်းမှာ သိန္နီမြို့ကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ၁၈ ရက်နေ့ တိုက်ခိုက်မှုတုန်းက သိန္နီမြို့မဈေးမှ ဗုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD စည်းရုံးရေးမှုးတဦး အပါအဝင် အရပ်သား ၈ယောက်သေဆုံးပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သိန္နီမြို့နဲ့ကပ်နေတဲ့ သီပေါမြို့ပေါ်ကိုလည်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ TNLA တအာင်းတပ်တွေ သိမ်းပိုက် ထိမ်းချုပ်ထားတဲ့ သီပေါမြို့ကို အောက်တိုဘာ ၉ ရက်နေ့က ဗုဒ္ဓဟူးနေ့က လေကြောင်းကနေ ဗုံး ၁၀ လုံးထက်မနည်း ကြဲချခဲ့တဲ့အတွက် သီလရှင်တပါး ကွယ်လွန်သွားတယ်လို့ TNLA ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့က ဒီ ၉ရက်နေ့ ညနေ ၃နာရီ ဝန်းကျင်မှာနော်။ စစ်ကောင်စီက Y 12 နဲ့ လာရောက်ပြီးတော့မှ ဗုံးကြဲတိုက်ခိုက်တယ်။ အဲဒီမှာ ဗုံးအလုံးက ၁၀ ကျော်တော့ ရှိတာပေါ့။ အဲဒီတိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦးက ထိခိုက်ဒဏ်ရရာတယ်။ သီလရှင်တပါးကတော့ ပျံလွန်သွားတယ်။ နောက်ပြီးတော့မှ ဒေသခံတွေရဲ့ နေအိမ်တွေ၊ ပြည်သူပိုင်ပစ္စည်းတွေလည်း ထိခိုက်ပျက်စီးသွားတာလည်း ရှိပါတယ်။”

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ လေကြောင်းက ဗုံးကြဲခံရပြီးနောက်မြင်ကွင်း (အောက်တိုဘာ ၁၀၊ ၂၀၂၄)

အောက်တိုဘာ ၈ ရက် အင်္ဂါနေ့ကလည်း သီပေါမြို့အပေါ် ဗုံးအလုံး ၅၀ လောက်ကြဲချခဲ့ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“၈ ရက်နေ့က ည ၁၀ နာရီပေါ့နော်။ အဲဒီအချိန်မှာလည်း စစ်ကောင်စီက လေယာဉ်နဲ့လာပြီးတော့ ဗုံးကြဲတိုက်ခိုက်တယ်။ အဲဒီမှာ ဗုံးအလုံး ၅၀ ကျော်ကျော် ရှိတယ်။ အဲဒီတိုက်ခိုက်မှုမှာ အရပ်သားတွေရဲ့ နေအိမ်တွေတော့ ပျက်ဆီးသွားတယ်။ လူတော့ ထိခိုက်မှု မရှိဘူး။”

သီပေါမြို့ရဲ့ အရှေ့တောင်ပိုင်းလောက်မှာရှိတဲ့ မိုင်းရယ်မြို့ကနေ ၁၇ မိုင်လောက်အကွာမှာရှိတဲ့ သကြားစက်ကိုလည်း မနေ့ အောက်တိုဘာ ၉ ရက်က စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အလုပ်သမား ၂ ဦးသေဆုံးပြီး ၁၀ ဦးလောက် ဒဏ်ရာရခဲ့ပါတယ်။ MNDAA ကိုးကန့်တပ်တွေ သိမ်းထားတဲ့ လားရှိုးမြို့ကို စစ်တပ်က ပြန်လည် ထိုးစစ်ဆင်ဖို့ မိုင်းရယ်မှာ အင်အားစု စစ်ပြင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို လားရှိုးမြို့ပေါ်ကိုလည်း ရက်ခြားဆိုသလို ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတာပါ။

စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်တွေသိမ်းယူထားတဲ့ နေရာတွေအပေါ် စစ်တပ်က လေကြောင်းကနေ တိုက်ခိုက် ဗုံးကြဲနေတဲ့အတွက် ဒေသခံ အရပ်သားတွေ သေဆုံး ထိခိုက်နေတဲ့အပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေကြပါတယ်။ စစ်ကောင်စီကို လေယာဉ်ဆီတွေ မရောင်းဖို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။ စစ်ကောင်စီကတော့ ဗုံးကြဲ တိုက်ခိုက်နေတာဟာ ပစ်မှတ်ကို အသေအချာချိန်ပြီး တိုက်တာဖြစ်တယ်လို့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေမြန်မာပိုင်းကို ပြောကြားထားပါတယ်။

အခြားဖတ်ရှုစရာ

နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်​ခေါ်ထားတဲ့ စစ်ကောင်စီက (၁၀) ရက်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၄၀) နီးပါး တိုက်ခိုက်

"တချို့သော သူတို့ ဝင်ရောက်နေရာယူထားတဲ့ လားရှိုးတို့၊ မိုးကုတ်တို့လို၊ သီပေါ.. ဒီလိုနေရာမျိုးတွေမှာ ပြည်သူလူထုကို ဖိနှိပ်၊ နှိပ်စက်နေတာတွေ၊ နှင်ထုတ်တာတွေရှိနေပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အနေနဲ့ လေကြောင်းတိုက်ခိုက်တဲ့နေရာမှာ မြေပြင်သတင်းရော တခြားသတင်းတွေရော တိကျမှုရှိမှသာ တိုက်ခိုက်ခြင်းဖြစ်ပါတယ်။ ဒါဟာ သောင်းကျန်းမှုနှိမ်နှင်းရေးစစ်ပွဲမှာ ပြည်သူ့အိုးအိမ်အသက်စည်းစိမ် နိုင်ငံတော်အချုပ်အခြာအာဏာကာကွယ်ဖို့အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းတွေပဲဖြစ်တယ်။"

သြဂုတ်လ ၂၆ ရက်ကနေ အောက်တိုဘာလ ၆ ရက်နေ့အထိ ရှမ်းပြည်နယ်မြောက်ပိုင်းက သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ လားရှိုးနဲ့ မိုင်းရယ်စတဲ့မြို့တွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာကြောင့် အရပ်သား ၅၅ ဦးသေဆုံးပြီး ၁၃၉ ဦး ဒဏ်ရရခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ စာသင်ကျောင်း၊ ဘုရားစေတီ၊ ဟိုတယ်နဲ့ တက္ကသိုလ်အပါအဝင် အဆောက်အအုံ ၄၅၀ ကျော် ပျက်စီးခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

Your browser doesn’t support HTML5

စစ်တပ်ခပ်စိပ်စိပ် ဗုံးကြဲနေတဲ့ သိန္နီမြို့နဲ့ သီပေါမြို့