စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေ ခွင့်ပြုချက်တောင်းခံ

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးရှေ့နေချုပ်က ဖမ်းဝရမ်းလျှောက်ထားတဲ့ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ရဲ့ရှေ့နေချုပ် Karim Khan က ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ လျှောက်ထားလိုက်ပါတယ်။

၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တို့က ရိုဟင်ဂျာနဲ့ ရိုဟင်ဂျာမဟုတ်တဲ့ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အသေးစိတ်သီးခြားလွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေလုပ်ခဲ့အပြီး တာဝန်ရှိသူအဖြစ် စစ်ကောင်စီ ခေါင်းဆောင်ကို ဖမ်းဝရမ်းတောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ICC ရှေ့နေချုပ်က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကနေ့ထုတ်ပြန်တဲ့ ဖမ်းဝရမ်းထုတ်ပေးဖို့ လျှောက်ထားချက်ဟာ ကနဦးအဆင့်သာဖြစ်ပြီး နောက်ထပ် တောင်းခံဖို့ရှိတယ် လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်တွေစခန်းမှာရောက်နေတဲ့ ICC ရှေ့နေချုပ် Khan ရဲ့ကြေညာချက်မှာ ဖော်ပြထားတာပါ။

သူ့ရဲ့ အခုလို လျှောက်ထားချက်ဟာ ICC တရားရုံးရဲ့ စံနှုန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှုရှိ မရှိ ဆိုတာကိုတရားသူကြီးတွေဘက်ကဆုံးဖြတ်ပေးရမှာဖြစ်ကြောင်းနဲ့ တကယ်လို့ သူ့လျှောက်ထား ချက်ကို တရားသူတွေကသဘောတူတယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဥပဒေနဲ့အညီ ဖမ်းဆီးနိုင်ရေးအတွက် သူ့ရုံးအဖွဲ့ကဆက်လက် ဆောင်ရွက်သွာမှာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သလို ICC ရဲ့ ပြောဆိုချက်တွေကို အသိအမှတ်ပြုခြင်းမရှိကြောင်း ဒီကနေ့ နေ့တွင်းချင်းပဲ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ တရားဝင် ရွေးကောက်ခံ NLD အစိုးရထံက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းယူခဲ့တဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် လူသားမျိုးနွယ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်မှုတွေအတွင်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊အဓမ္မ ပြုကျင့်မှုတွေ ကျူးလွန်ခဲ့တာကြောင့် ရိုဟင်ဂျာတသန်းနီးပါးလောက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့တာပါ။

မြန်မာစစ်တပ်အနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လာနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ညှိနှိုင်းနေပေမယ့် အခုချိန်ထိ တရားဝင် ပြန်လာနိုင်ကြသေးခြင်းမရှိသလို သူတို့တွေ နေရပ်ပြန်တဲ့အခါမှာလည်း ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး စီစဉ်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းက တောင်းဆိုထားကြပါတယ်။

Your browser doesn’t support HTML5

စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေ ခွင့်ပြုချက်တောင်းခံ