ရွှေတြိဂံထွက်မူးယစ်ဆေးများ ထိုင်းကတဆင့် သြစတေးသျှနဲ့အခြားနိုင်ငံတွေတင်ပို့နေ

ထိုင်းမြန်မာနယ်စပ်ကနေ ဝင်လာတဲ့မူးယစ်ဆေးဝါးတွေကို ဇွန်လ (၁၃)ရက်နေ့ကဖမ်းမိပုံ (police)

ထိုင်းမြန်မာနယ်စပ်ကနေ ဝင်လာတဲ့မူးယစ်ဆေးဝါးတွေကို ဇွန်လ (၁၃)ရက်နေ့ကဖမ်းမိပုံ (police)

(Zawgyi/Unicode)

ရွှေတြိဂံဒေသ မြန်မာနိုင်ငံဘက်အခြမ်းက အဓိကထွက်တဲ့ စိတ်ကြွဆေးနဲ့ ဘိန်းဖြူတွေကို ထိုင်းနိုင်ငံကတဆင့် Australia နဲ့ New Zealand လို တခြားနိုင်ငံတွေဆီ တရားမဝင်ဖြန့်ဖြူးနေတဲ့ အထောက်အထားတွေ အခိုင်အမာတွေ့ထားတယ်လို့ ထိုင်းနိုင်ငံ မူးယစ်နှိမ်နင်းရေးဗြူရိုက ပြောကြားလိုက်ပါတယ်။

ထိုင်း၊ Australia၊ တောင်ကိုရီးယားစတဲ့နိုင်ငံတကာလေဆိပ်တွေမှာ ခိုးသယ်လာတဲ့ မူးယစ်ဆေး အမြောက်အများကို ဖမ်းဆီးရခဲ့ပြီးနောက် ထိုင်းအစိုးရက မူးယစ်မှောင်ခိုဂိုဏ်းတွေကို နှိမ်နှင်းနိုင်ရေး တိုးမြှင့်လုပ်နေပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက တင်ပြပါမယ်။

ထိုင်းအစိုးရက မကြာခင်လပိုင်းတွေကစလို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို ကြပ်ကြပ်မတ်မတ်လုပ်နေတာမှာ အခုနောက်ဆုံး ရွှေတြိဂံနယ်မြေကထွက်တဲ့ စိတ်ကြွဆေးပြား ၄ သန်းကျော်၊ Methamphetamine စိတ်ကြွဆေး ၅၁၆ ကီလိုဂရမ်ကို ထိုင်းနိုင်ငံ မူးယစ်နှိမ်နင်းရေးဗြူရိုက ဖမ်းဆီးရမိခဲ့ပါတယ်။ နိုင်ငံတကာကို မူးယစ်ဆေးဖြန့်ဖြူးနေတဲ့ မူယစ်ဆေးဂိုဏ်းသား ၁၁ ယောက်ကို ဖမ်းမိခဲ့တယ်လို့ ထိုင်းဒုတိယရဲချုပ် Manoo Mekmok ကသတင်းစာရှင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။ ရွှေတြိဂံဒေသ မြန်မာနိုင်ငံဖက်အခြမ်းက အများဆုံးထွက်တဲ့ စိတ်ကြွဆေးတွေနဲ့ ဘိန်းဖြူတွေဟာ ထိုင်းနိုင်ငံကနေတဆင့် Australia နဲ့ New Zealand လို တခြားနိုင်ငံတွေဆီ တရားမဝင် ဖြန့်ဖြူးနေတဲ့ အထောက်အထားတွေလည်း အခိုင်အမာရထားတယ်လို့ သူက ပြောပါတယ်။

ထိုင်းနိုင်ငံဘန်ကောက်မြို့က သူဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်အပါအဝင်၊ Australia နိုင်ငံ Sydney မြို့နိုင်ငံတကာလေဆိပ်၊ တောင်ကိုရီးယားနိုင်ငံ Incheon လေဆိပ်တွေမှာ ထိုင်းနိုင်ငံကနေ ခိုးသယ်လာတဲ့ စိတ်ကြွဆေးအမြောက်အများကို မကြာခင်လတွေအတွင်း ဖမ်းဆီးမိခဲ့ပြီးနောက် ထိုင်းနိုင်ငံက နယ်စပ်ဖြတ်ကျော် မူးယစ်မှောင်ခိုဂိုဏ်းတွေကို ဖြိုခွဲနိုင်ဖို့ အပူတပြင်းလုပ်နေတာပါ။ ၁၅ရက်နေ့ကလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာတော့ ဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေဟာ ထိုင်းမြန်မာနယ်စပ်ကလာတဲ့ အကြောင်းမူးယစ်နှိမ်နင်းရေးရဲမူးတဦးကတော့အခုလိုပြောသွားပါတယ်။

"မူးယစ်ဆေး လေးသန်းကျော်ဟာ ထိုင်းမြန်မာ နယ်စပ် မယ်ဆိုင် မြို့၊ ကော့ချန်း နယ်စပ်ကနေ ကားငယ်တွေနဲ့ သယ်ဆောင်လာတာကို ဇွန်လ ၁၃ ရက်နေ့က ဖယ့်ပြည်နယ် ဓါတ်ဆီဆိုင်တစ်ခုမှာ ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းခဲ့တာလို့ထိုင်းဘာသာနဲ့ပြောသွားတာပါ"

ဇွန်လ ၁၃ ရက်နေ့ကတော့ ထိုင်းမြန်မာ နယ်စပ် မယ်ဆိုင်မြို့ ၊
ကော့ချန်းနယ်စပ်ကနေ ကားငယ်တွေနဲ့ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၄ သန်းကျော်၊ အိုက်စ်လို့ခေါ်တဲ့မူးယစ်ဆေးကီလိုဂရမ် ၅၀၀ ကျော်ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ အဲဒီ အိုက်စ် မူးယစ်ဆေးဝါး ကီလိုဂရမ် ၅၀၀ ကျော်ဟာ ထိုင်းနိုင်ငံကနေတဆင့် ဟောင်ကောင်၊ သြစတေလျ နယူးဇီလန် စတဲ့ တတိယ နိုင်ငံတွေက မူးယစ်မှောင်ခို သမားတွေဆီ ရေလမ်း ၊ လေလမ်းကြောင်းတွေသုံးပြီး ပို့ဆောင်မယ့် မူးယစ်ဆေးတွေဖြစ်ပြီး ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထိုင်းဒုရဲချုပ် Manoo Mekmok ကပြောပါတယ်။ ဖမ်းမိတဲ့ မူးယစ်မှောင်ဆိုဂိုဏ်းသားတွေကိုလည်း ပြင်းထန်တဲ့ ဥပဒေတွေနဲ့ အရေးယူသွားမယ်လို့ သူကပြောပါတယ်။

ထိုင်းနိုင်ငံကတဆင့် မူးယစ်ဆေးတွေ တခြားနိုင်ငံတွေဆီ မှောင်ခိုကူးနေတာနဲပ့ါတ်သက်လို့ ထိုင်းမူးယစ်နှိမ်နှင်းရေးဗြူရိုက မြန်မာ၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် စတဲ့အိမ်နီးချင်းနိုင်ငံတွေက တာဝန်ရှိသူတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပြီး ဇူလိုင် ၅ ရက်နေ့မှာ အွန်လိုင်းကနေ ဆွေးနွေးဖို့ရှိတယ်လို့ ဘန်ကောက်ပိုစ့်သတင်းစာမှာ ရေးသားထားပါတယ်။

ထိုင်းအစိုးရက တော့ မူးယစ်နှိမ်နင်းရေးတွေရှိနေပေမယ် ထိုင်းနဲ့နယ်စပ် ရှမ်းပြည်ဘက်မှာတော့ မူးယစ်မှောင်ခိုမူတွေ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့နေရာတွေ ရှိနေသေးတဲ့အတွက် နယ်စပ်တွေအထိ တင်သွင်းမူတွေကလည်းရှိနေတာလို့လည်း ရှမ်းသတင်းတွေကဖော်ပြကြပါတယ်။ ထိုင်းဘက်ကတော့ မူးယစ်ဆေးဝါးကိုတိုက်ဖျက်မူတွေထိထိရောက်ရောက်လုပ်တာတွေရတယ်လို့ ရှမ်းသတင်းစဉ်ရဲ့အယ်ဒီတာချုပ် ကိုစိုင်းမိန်ကလည်းပြောပြပါတယ်။

"အမှန်တကယ်ကတော့ ကျနော်တို့တိုင်းပြည်ထက်စာရင် ထိုင်းဘက်ကအများကြီးတိုက်ဖျက်တယ်။ လူငယ်တွေကြားမှာ မူယစ်ဆေးဝါးကိုတော်တော်တိုက်ဖျက်တယ်။ လုပ်နိုင်တဲ့အာဏာရှိတဲ့အဆက်အသွယ်လောက်ပဲအနည်းအကျဉ်းလောက်ပဲကျန်တယ်လို့ကျနော်ထင်တယ်။ ကျနော်တို့တိုင်းပြည်နဲ့တခြားစီပဲ ။ မူးယစ်ဆေးဝါးတိုက်ဖျက်တဲ့နေရာမှာပေါ့"

ထိုင်းမူးယစ်နိမ်နင်းရေးတပ်ဖွဲ့အနေနဲ့ ပြီးခဲ့တဲ့နှစ် အောင်တိုဘာလကနေ ဒီနှစ်ဇွန်လ အထိ ဖမ်းမိတဲ့ စိတ်ကြွဆေးပြားပေါင်း ၃၄၄သန်း ၊အိုက်စ်မူးယစ်ဆေးတန်ချိန် ၂၀၊ ဘိန်းဖြူတန်ချိန် နှစ်တန် ကို ဖမ်းဆီး နိုင်ခဲ့တယ်လို့လည်းထိုင်းအစိုးရက ပြောဆိုသွားပါတယ်။

..................................................................................

Your browser doesn’t support HTML5

ရွှေတြိဂံထွက်မူးယစ်ဆေးများ ထိုင်းကတဆင့် သြစတေးသျှနဲ့အခြားနိုင်ငံတွေတင်ပို့နေ



(Unicode)









