ထွက်ပြေးလာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို အိန္ဒိယပိတ်ပင် 

နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တယောက်က ဘင်္ဂလားဒေ့ရှ်ဘက်ကဝင်လာသူတွေကို အိန္ဒိယနိုင်ငံမှာ ယာယီနေထိုင်ခွင့်ပေးဖို့ ခရီးသွားလာခွင့်ကိုစစ်ဆေးကြည့်ရရှုနေစဥ်။ (သြဂုတ် ၆၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina ရာထူးက နုတ်ထွက်ခဲ့ရတဲ့ ပြည်တွင်းဆန္ဒပြပွဲတွေအပြီး အကြမ်းဖက်မှုတွေနဲ့ နိုင်ငံရေး ရုန်းရင်းဆန်ခတ်မှုတွေကနေ လွတ်မြောက်ဖို့ နယ်စပ်ဖြတ်ကျော်ဖို့ ကြိုးစားခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား တဒါဇင်နီးပါးကို အိန္ဒိယကဖမ်းဆီးလိုက်တယ်လို့ နယ်စပ် အာဏာပိုင်တွေက တနင်္လာနေ့မှာ ပြောပါတယ်။

အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခွင့်ရဖို့ စောင့်နေသူ ရာနဲ့ချီရှိနေသေးတယ်လို့ အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BSF) ကပြောပါတယ်။ မွတ်ဆလင်အများစုရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဟိန္ဒူဘာသာဝင်တွေက လူနည်းစုဖြစ်ပြီး သူတို့ကို ရှိတ်ဟာစီနာရဲ့ Awani League ပါတီကို အမာခံထောက်ခံသူတွေအဖြစ် ရှုမြင်ကြတာပါ။

၁၅ နှစ်ကြာအုပ်ချုပ်ခဲ့တဲ့ မစ္စဟာစီနာဟာ သြဂုတ်လ ၅ ရက်နေ့မှာ ရုတ်တရက်နုတ်ထွက်ပြီး အိန္ဒိယနိုင်ငံဆီ တိမ်းရှောင်သွားခဲ့ပြီးတဲ့နောက် ဟိန္ဒူအိမ်ထောင်စုတွေ၊ ဟိန္ဒူ ဘုရားကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို တိုက်ခိုက်မှုအများအပြားပေါက်ပေါက်လာပါတယ်။

West Bengal ပြည်နယ်ထဲကနေ အိန္ဒိယနိုင်ငံထဲ တိတ်တဆိတ်ဝင်ရောက်ဖို့ကြိုးပမ်းသူ ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့BSF က AFP သတင်းကို ပြောပါတယ်။ နိုင်ငံနယ်နိမိတ်ပေါင်း ကီလိုမီတာ ၄ ထောင်ကျော်ရှည်လျားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အိန္ဒိယက လုံးဝနီးပါးဝန်းရံထားပြီး ခြံစည်းရိုးခတ်မထားတဲ့ နေရာအတော်များများရှိပါတယ်။

တချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦးကိုလည်း အာသံပြည်နယ်ကနေ နှင်ထုတ်ခဲ့ရတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Himanta Biswa Sarma က X လူမှုကွန်ယက်မှာရေးသားထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေသန်းပေါင်း ၁၇၀ ထဲမှာ ဟိန္ဒူဘာသာဝင်တွေက ၈ ရာခိုင်နှုန်းရှိပါတယ်။

Your browser doesn’t support HTML5

 ထွက်ပြေးလာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို အိန္ဒိယပိတ်ပင်