မြန်မာနိုင်ငံကိုအနည်းဆုံး ရိုဟင်ဂျာ၂၃ ဦး ထပ်ပို့ဖို့ အိန္ဒိယ စီစဉ်

အိန္ဒိယနိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များ

အိန္ဒိယနိုင်ငံ အာသံပြည်နယ်ကနေ ရိုဟင်ဂျာ ၇ ယောက်ကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပြီးတဲ့နောက်မှာ နောက်ထပ် အနည်းဆုံး ၂၃ ယောက်ကို အာသံက ပြန်ပို့ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ စတင်လုပ်ဆောင်နေပြီ လို့ အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

အာသံပြည်နယ်ထဲက ထိန်းသိမ်းရေးစခန်း ၃ ခုမှာ ရှိနေတဲ့ ရိုဟင်ဂျာ ၂၃ ယောက်အတွက် နိုင်ငံသားစစ်ဆေးမှုတွေ လုပ်ခဲ့ပြီး သူတို့ကို ပြန်ပို့ဖို့ သဘောတူညီချက်တွေ ရပြီဖြစ်သလို သူတို့ကိုယ်တိုင်ကလည်း ပြန်ဖို့ သဘောတူတယ်လို့ အာသံရဲကပြောပါတယ်။

မြန်မာအစိုးရဘက်ကလည်း သူတို့ကို ပြန်လက်ခံဖို့ သဘောတူတဲ့အပြင် သူတို့ လုံခြုံရေးအတွက်ပါ အာမခံတယ်လို့ ဆိုပါတယ်။ ဒီ ၂၃ ယောက်ဟာ အာသံက Silchar, Goalpara နဲ့ Tezpur ထိန်းသိမ်းရေး စခန်းတွေက ဖြစ်ပါတယ်။

အိန္ဒိယပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဌာနတွေနဲ့ လက်တွဲပြီး မြန်မာအာဏာပိုင်တွေက သူတို့နေအိမ်လိပ်စာတွေကိုပါ စစ်ဆေးပြီးစီးပြီ ဖြစ်ကြောင်းနဲ့ ရက်အတိအကျ မပြောနိုင်သေးပေမယ့် ပြန်ပို့ဖို့လုပ်ဆောင်နေပြီဖြစ်ကြောင်း လုံခြုံရေးတာဝန်ခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး The Asian Age သတင်းမှာဖေါ်ပြထားပါတယ်။

တချိန်ထဲမှာပဲ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်တွေကို ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်က ရိုဟင်ဂျာ မွတ်ဆလင် အတော်များများ ဝင်ရောက်လာတယ် ဆိုတဲ့ ထောက်လှန်းရေး သတင်းတွေအရ အာသံနဲ့ အဲဒီဒေသတွင်း ပြည်နယ်တွေက နယ်ခြားစောင့်တပ်တွေကို အထူးသတိထားဖို့ တပ်လှန့်ထားပါတယ်။

အိန္ဒိယနိုင်ငံတွင်းမှာ တရားမဝင်နေထိုင်တဲ့ ရိုဟင်ဂျာ ၄ သောင်းလောက် ရှိမယ်လို့ ခန့်မှန်းကြပြီး သူတို့ဟာ Jammu, Hyderabad, Kanpur နဲ့ ဒေလီမြို့ဆင်ခြေဖုံးဒေသတွေမှာ နေထိုင်နေကြတာ ဖြစ်ပါတယ်။ အများစုဟာ လွန်ခဲ့တဲ့ နှစ်အတော်ကြာကတည်းက အိန္ဒိယ နိုင်ငံထဲ လာရောက်နေထိုင်ကြတာ ဖြစ်ပြီး သူတို့ရဲ့ အနာဂတ်အတွက် အိန္ဒိယအစိုးရက ခုထိ ဆုံးဖြတ်ချက်သေသေချာချာ မချသေးပါဘူူး။

Your browser doesn’t support HTML5

မြန်မာနိုင်ငံကိုအနည်းဆုံး ရိုဟင်ဂျာ၂၃ ဦး ထပ်ပို့ဖို့ အိန္ဒိယ စီစဉ်