ကိုဗစ်စည်းမျဉ်းချိုးဖောက်ဖို့ တိုက်တွန်းတဲ့ အင်ဒိုနီးရှား ဘာသာရေးဆရာ အဖမ်းခံ

အင်ဒိုနီးရှား ဘာသာရေးဆရာ Rizieq Shihab (လယ်)။ (ဒီဇင်ဘာ ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးရောဂါ ကာကွယ်ရေး ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ချိုးဖောက်ကြဖို့ လူထုကို သွေးထိုးတယ်ဆိုပြီး အစိုးရက စွပ်စွဲထားတဲ့ မွတ်စလင်ဘာသာရေးဆရာ Rizieq Shihab က စနေနေ့မှာ ရဲတပ်ဖွဲ့ထံ လာပြီး အဖမ်းခံပါတယ်။

ဆင့်ခေါ်မှုကို အကြိမ်ကြိမ် ပျက်ကွက်နေမယ်ဆိုရင် လာဖမ်းမယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သတိပေးလိုက်ပြီး နောက်နေ့မှာ အစ္စလာမ္မစ် ကာကွယ်သူများ တပ်ဦးရဲ့ ခေါင်းဆောင် Rizieq Shihab က မြို့တော် ဂျကာတာက ရဲဌာနချုပ်မှာ လာအဖမ်းခံတာ ဖြစ်ပါတယ်။

“အဖမ်းခံရမယ့် အရေးကြောင့် ထွက်ပြေးတာမျိုး၊ ပုန်းအောင်းတာမျိုး ဘယ်တော့မှ မလုပ်ဘူး” လို့ မွတ်စလင်ဘာသာရေးဆရာ Rizieq Shihab က သတင်းထောက်တွေကို ပြောပါတယ်။ အမှုအခြေအနေကို သူ့ရှေ့နေက အခါအားလျော်စွာ အသိပေးသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

အစောပိုင်းမှာ ရဲက ဖုန်းနဲ့ဆက်သွယ်တာမှာ ဘာကြောင့် မဖြေခဲ့သလဲလို့ သတင်းထောက်က မေးတာမှာတော့ သူက အခါအားလျော်စွာ ခရီးသွားနေလို့လို့ ဖြေခဲ့ပါတယ်။

ဘာသာရေးဆရာ Rizieq ဟာ COVID-19 ပျံ့နှံ့မှု ကာကွယ်ရေး ချမှတ်ထားတဲ့ စည်းမျဉ်းကို လျစ်လျူရှုပြီး တမန်တော်မိုဟာမက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား၊ နောက် သမီးဖြစ်သူရဲ့ မင်္ဂလာဆောင်တို့ကို ကျင်းပခဲ့ပြီး သူ့ရဲ့ နောက်လိုက် ထောင်နဲ့ချီ ပါဝင်ခဲ့တယ်လို့ သောကြာနေ့မှာ ဂျကာတာရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းခဲ့ပါတယ်။

တကယ်လို့ ဒီစည်းမျဉ်းတွေကို ချိုးဖောက်ဖို့ လူတွေကို သွေးထိုးလှုံ့ဆော်မှု ပြစ်မှုထင်ရှားတွေ့ရင်တော့ ထောင်ဒဏ် ၆ နှစ်နဲ့အထက် ကျခံရနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။

နိုင်ငံကိုပြန်ရောက်ပြီး သီတင်းတပတ် အတွင်းမှာပဲ မြို့တော် ဂျကာတာနဲ့ အနောက်ဂျာဗားမှာ လူစုလူဝေး အခမ်းအနားတွေ လုပ်ခဲ့တာပါ။ COVID-19 စည်းကမ်းတွေကို ချိုးဖောက်စေမှု စွဲချက်တင်တဲ့ အမှုမှာတော့ ဂျကာတာ အုပ်ချုပ်ရေးမှူးနဲ့ အနောက်ဂျာဗား အုပ်ချုပ်ရေးမှူးတို့က သက်သေအဖြစ် ထွက်ဆိုကြပြီး ဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ မွတ်စလင် ရှာရီယာဥပဒေ ကျင့်သုံးဖို့ လိုလားတဲ့ Islamic Defenders Front ရဲ့ ခေါင်းဆောင် ဘာသာရေးဆရာ Rizieq ဟာ လိင်ကိစ္စဆိုင်ရာ မဖွယ်မရာရေးသားမှု အပါအဝင် စွဲချက် ၂ ခု တင်ခံခဲ့ရတာဖြစ်ပြီး အဲဒီ ၂၀၁၇ ခုနှစ်မှာပဲ သူက ဆော်ဒီအာရေဗျနိုင်ငံ မက္ကာကို ဘုရားဖူးခရီး ထွက်သွားပြီးနောက် ပြီးခဲ့တဲ့လကမှ အင်ဒိုနီးရှားကို ပြန်ရောက်လာတာ ဖြစ်ပါတယ်။

သူ့အပေါ်စွဲချက် ၂ ခုကိုတော့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သက်သေမခိုင်လုံဘူးဆိုပြီး ရုပ်သိမ်းခဲ့ပေမယ့်လည်း ဆော်ဒီအစိုးရကတော့ အကြောင်းပြချက်မပေးဘဲ သူ့ကို နိုင်ငံပြင်ပထွက်ခွင့် ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကိုဗစ်စည်းမျဉ်းချိုးဖောက်ဖို့ တိုက်တွန်းတဲ့ အင်ဒိုနီးရှား ဘာသာရေးဆရာ အဖမ်းခံ

---------------------

(Unicode)









