အယ်နီနိုရာသီဥတုပုံစံကြောင့် ဆန်ထွက်နှုန်းကျနိုင်စရာရှိတာကိုကြိုမြင်ပြီး ကမ္ဗောဒီးယားနဲ့မြန်မာကနေ ဆန်တင်သွင်းဖို့ကြည့်နေတယ်လို့ အင်ဒိုနီးရှားနိုင်ငံတော်ပိုင် စားနပ်ရိက္ခာဝယ်ယူပို့ဆောင်ရေးလုပ်ငန်း Bulog က တနင်္လာနေ့မှာ ပြောပါတယ်။
ဒီနှစ်အတွက် ဆန် ၁.၆ မက်ထရစ်တန်ကို ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကနေ ဒီ လအစောပိုင်း ကတင်သွင်းခဲ့တဲ့အပြင် ပြည်တွင်းဆန် ၇ သိန်း ၈ သောင်း ၆ ထောင်ကျော် (၇၈၆,၆၉၇) ကို ဝယ်ခဲ့တယ်လို့လည်း ကုမ္ပဏီက ဆိုပါတယ်။ ခုအချိန်ထိ စာချုပ်မချုပ်ရသေးပေမဲ့ မကြာခင်မှာ ချုပ်ဖို့မျှော်လင့်တဲ့အကြောင်း Bulog ကော်ပိုရေးရှင်းရဲ့အတွင်းရေးမှူး Awaluddin Iqbal က သတင်းထောက်တွေကို ပြန်လည် ဖြေကြားသွားပါတယ်။
တနင်္လာနေ့ကပြသတဲ့ အစိုးရစာရင်းတွေအရဆိုရင်တော့ အင်ဒိုနီးရှားမှာ ဒီနှစ် ဆန်တန်ချိန် သန်းပေါင်း ၃၁.၅၆ သန်း ထွက်မယ်လို့ခန့်မှန်းထားတာပါ။ စားသုံးမှုက ဆန်တန်ချိန်သန်းပေါင်း ၃၀.၈၄ ရှိပါတယ်။ အထွက်ကျသွားတာကြောင့် ဒေသခံလယ်သမားတွေက မြို့တော် ဗဟို ဆန်စျေးကွက်ကို ပို့နိုင်တာက ပြီးခဲ့တဲ့လမှာ ၂၀ ရာနှုန်း ကျသွားခဲ့တယ်လို့ ဂျာကာတာ ဆန်စက်ပိုင်များအသင်းဥက္ကဋ္ဌ Nellys Soekidi က ပြောပါတယ်။ ထုတ်လုပ်မှုကလည်း ကျဆင်းသွားတာကြောင့် မကြိတ်ရသေးတဲ့ စပါးကိုက အပြိုင်ဝယ်ရတာ ဖြစ်လာနေတယ်လို့ သူက ဆိုပါတယ်။
တနင်္လာနေ့မှာ အလယ်အလတ် ဆန်စျေးက တကီလိုကို အင်ဒိုနီးရှား ရူပီး ၁၃၆၀၀ အမေရိကန်ဒေါ်လာအားဖြင့် ၀.၈၉ ဒေါ်လာ ဖြစ်နေပါတယ်။ ဒီနှစ်အစောပိုင်းစျေးထက် ၁၄.၇၇ ရာနှုန်း တက်သွားတာပါ။ အိန္ဒိယ က ဆန်တင်ပို့မှုကို ပိတ်ပင်လိုက်ပြီးတဲ့နောက် ကမ္ဘာ့ဆန်ပြတ်လပ်မှုကို စိုးရိမ်လာကြပြီး ဗီယက်နမ်နဲ့ထိုင်း ဆန်စျေးတွေလည်း တက်သွားခဲ့ပါတယ်။
Your browser doesn’t support HTML5