အီရန်မှာ သန့်စင်ပြီးယူရေနီယံစုဆောင်းထားရှိမှု ကန်စိုးရိမ်ပူပင်

အီရန်အစိုးရသတင်းဌာန IRIB က ထုတ်လွှင့်ပြသတဲ့ ယူရေနီယံသန့်စင်စက်ရုံက ထုတ်လုပ်တဲ့ ယူရေနီယံအဆင့်သုံးဆင့်. (ဇွန် ၆၊ ၂၀၁၈)

အီရန်နိုင်ငံက HEU လို့ခေါ်တဲ့ စစ်ရေးလက်နက်အဖြစ် အသုံးပြုနိုင်တဲ့နီးပါးအထိ ပြင်းအားမြင့်တဲ့ သန့်စင်တဲ့ယူရေနီယမ် စုဆောင်းမှုမြင့်တက်လာတယ်ဆိုတဲ့ အစီရင်ခံစာ ထွက်လာတာကြောင့် အီရန်ရဲ့နျူကလီယားအစီအစဥ်အတွက်စိုးရိမ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။

တနင်္လာနေ့မှာထွက်ပေါ်လာတဲ့ နိုင်ငံတကာအဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ရဲ့ လျှို့ဝှက်အစီရင်ခံစာထဲမှာ ၂၀၁၅ မှာ ချုပ်ဆိုခဲ့တဲ့ အီရန်နဲ့ နိုင်ငံတကာ နျူးကလီယားစာချုပ်ပါ သဘောတူထားတဲ့ ပမာဏထက် အဆ ၃၀ ကျော်နေပြီလို့ ဖော်ပြထားပါတယ်။ အီရန်ရဲ့သန့်စင်ပြီး ယူရေနီယံသိုလှောင်မှုမှာ ၆,၂၀၁.၃ ကီလိုဂရမ် (၁၃,၆၇၁.၅ ပေါင်) ထက် ပိုများနေပြီး ဒါဟာ IAEA ရဲ့ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ မှတ်တမ်းထက် ၆၇၅.၈ ကီလိုဂရမ် (၁,၄၈၉.၈ ပေါင်) တိုးလာခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူတဦးရဲ့ ဗွီအိုအေ ပါရှန်ဌာနကို ဖြေကြားချက်မှာတော့ “အီရန်လိုက်နာရမယ့် တာဝန်ဝတ္တရားတွေနဲ့ပတ်သက်ပြီး IAEA က အီရန်ကို ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံနေတာအပေါ် အသိအမှတ်ပြုကြောင်းနဲ့ ကုလသမဂ္ဂ နျူကလီယား စောင့်ကြည့်ရေးအဖွဲ့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန် ပြည်ထောင်စုက အပြည့်အဝထောက်ခံကြောင်း” ပြောပါတယ်။

အီရန်သာ တကယ်လုပ်မယ့်ဆိုရင် သူ့မှာ နျူကလီယားဗုံးအများအပြား ထုတ်လုပ်နိုင်စွမ်းတဲ့ သန့်စင်ပြီး ယူရေနီယံ အလုံအလောက်ရှိနေကြောင်း IAEA အကြီးအကဲ ရာဖေးလ် ဂရို့စ် (Rafael Gross) က အရင်လကလည်း သတိပေးထားပါတယ်။ အီရန်အရာရှိတွေကတော့ သူတို့အဏုမြူလက်နက်တွေ လုပ်နိုင်တယ်လို့ ခြိမ်းခြောက်တာမျိုးတွေ ရှိပေမဲ့အများအားဖြင့်တော့ နျူကလီးယားအစီအစဉ်က စစ်ရေးအတွက်မဟုတ်ဘူးလို့ မကြာခဏ ဖြေရှင်းလေ့ရှိပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂနဲ့ အီရန်တို့ကြားမှာလည်း နျူကလီယားအစီအစဉ်အပေါ် စစ်ဆေးမှုတွေ တိုးချဲ့ရေး ၂၀၂၃ ခုနှစ် စာချုပ်အပေါ် သဘောတူညီမှု တစုံတရာမရသေးဘဲ ဖြစ်နေပါတယ်။ IAEA နဲ့ အီရန်တို့ကြား အထူးသဖြင့် ၂၀၁၈ ခုနှစ်တုန်းက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နျူကလီးယားသဘောတူညီချက်ကနေ အမေရိကန် တဘက်သတ် နုတ်ထွက်ခဲ့ချိန်ကတည်းက တင်းမာမှုတွေ မြင့်တက်နေတာလည်း ဖြစ်ပါတယ်။

IAEA က တပ်ဆင်ထားတဲ့ ထောက်လှမ်းရေးကင်မရာတွေ နှောင့်ယှက်ခံရသလို IAEA ရဲ့ ဝါရင့် စစ်ဆေးရေးမှူးအချို့ကိုလည်း အီရန်က တားမြစ်တာတွေ ဖြစ်ခဲ့ပါတယ်။

ဒါ့ပြင် အီရန်ဟာ ဆီးရီးယားက အီရန် ကောင်စစ်ဝန် အဆောက်အအုံကို အစ္စရေးရဲ့တိုက်ခိုက်မှုအတွင်း အီရန်ဗိုလ်ချုပ်နှစ်ဦး သေဆုံးခဲ့ရတဲ့ဖြစ်စဥ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ ဧပြီလတုန်းက အစ္စရေးကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့လို့ အရှေ့အလယ်ပိုင်းမှာ တင်းမာမှုတွေ မြင့်တက်နေတာပါ။ အီရန်အနေနဲ့ သူ့ကို အကြီးစားတိုက်ခိုက်ခံရရင် နျူကလီယားဗုံး လုပ်လာနိုင်တယ်လို့လည်း ကျွမ်းကျင်သူတွေက သတိပေးထားတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အီရန်မှာ သန့်စင်ပြီးယူရေနီယံစုဆောင်းထားရှိမှု ကန်စိုးရိမ်ပူပင်