အမေရိကန်နဲ့ အီရန်ကြား သံတမန်ရေး မပြေလည်မှုမှာ အဓိကကျတဲ့ အီရန် ရေနံတင်သဘောၤက သဘောၤပေါ်ပါ ကုန်စည်တွေကို နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ပြီး ရောင်းချပြီးစီးကြောင်း အီရန်က ပြောဆိုလိုက်ပါတယ်။
Adrian Darya ရေနံတင်သဘောၤက မြေထဲပင်လယ် ကမ်းရိုးတန်းမှာ ကမ်းကပ်ပြီး ကုန်ချခဲ့တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Abbas Mousavi ရဲ့ အပြောကို ကိုးကားပြီး အီရန်နိုင်ငံပိုင် သတင်းအေဂျင်စီ IRNA က တနင်္ဂနွေနေ့မှာ ဖော်ပြပါတယ်။ ပတ်သက်တဲ့နိုင်ငံရဲ့ အမည်ကိုတော့ မပြောပါဘူး။
ရေနံတင် သင်္ဘောပေါ်မှာ ရေနံစိမ်းစည်ပေါင်း ၂ ဒသမ ၁ သန်း တင်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ရေနံတင်သင်္ဘောဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ပြီး ဆီးရီးယားကမ်းလွန်မှာ ရောက်ရှိနေတာကို ဂြိုဟ်တုကနေ ဓာတ်ပုံရရှိခဲ့ပါတယ်။
ဥရောပသမဂ္ဂရဲ့ ဒဏ်ခတ်မှုကို ချိုးဖောက်ပြီး ဆီးရီးယားကို ရေနံရောင်းချတယ်ဆိုတဲ့ သံသယနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လက ဒီရေနံတင်သဘောၤကို ဗြိတိန်ပိုင် Gibraltar မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန်ပိုင်နက်မှာ သီတင်းပတ် ၆ ခုကြာ ဖမ်းဆီးခံရပြီးနောက် အမေရိကန်ဘက်က ကန့်ကွက်နေတဲ့ကြားကပဲ ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
EU ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံတွေကို ဒီရေနံတင်သင်္ဘောက မသွားပါဘူးဆိုတဲ့ အာမခံချက် ရရှိထားပြီလို့ Gibraltar အာဏာပိုင်တို့က ပြောဆိုပြီး ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဒီရေနံတင်သင်္ဘောကို ပြန်ပြီး ဖမ်းဆီးနိုင်ရေး အမေရိကန်ဘက်က ကြိုးစားနေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အီရန်ဘက်က ဖမ်းထားတဲ့ ဗြိတိန် ရေနံတင်သဘောၤကို မကြာခင် ပြန်လွှတ်ပေးမယ်ဆိုတဲ့ သဘောမျိုး အီရန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Abbas Mousavi က တနင်္ဂနွေနေ့မှာပဲ ပြောပါတယ်။
Your browser doesn’t support HTML5