အမေရိကန်ဒုသမ္မတ Kamala Harris နဲ့ အစ္စရေးစစ်ကာလအစိုးရအဖွဲ့ဝင် ဝန်ကြီး Benny Gantz တို့ သမ္မတအိမ်ဖြူတော်မှာ တနင်္လာနေ့ကတွေ့ဆုံခဲ့ပါတယ်။ အစ္စရေးလ်နဲ့ ဟာမတ်စ်တို့ကြား ဂါဇာဒေသမှာ သီတင်း ၆ ပတ်ကြာအပစ်ရပ်ရေး အကောင်အထည်ဖော်ဖို့နဲ့ ဟာမတ်စ်တို့လက်ထဲကဓားစာခံတွေ လွှတ်ပေးရေးကိစ္စရပ်တွေကို တိုက်တွန်းဆွေးနွေးခဲ့ပါတယ်။
ဆာလောင်နေကြတဲ့ ပါလက်စတိုင်းသားတွေကိုကူညီနိုင်ဖို့ ဂါဇာဒေသအတွင်း လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုပေးပို့ခွင့်ပြုဖို့ Gantz ကိုတိုက်တွန်းမယ်လို့လည်း ဒုသမ္မ Harris က အစည်းအဝေးမတိုင်ခင် သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေးအကြံပြုချက်ကို အစ္စရေးလ်က သဘောတူလက်မှတ်ရေးထိုးထားပြီလို့ အမေရိကန်ကပြောပါတယ်။ အသေးစိတ်ကိုတော့ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ကိုရောက်နေတဲ့ ဟာမတ်စ်တို့နဲ့ ညှိနှိုင်းရဦးမှာပါ။
တနင်္ဂနွေနေ့တုန်းကလည်း ဂါဇာဒေသအပစ်ရပ်ရေး ချက်ချင်းဆောင်ရွက်ဖို့ ဒုသမ္မတ Harris က တောင်းဆိုခဲ့ပါသေးတယ်။ သမ္မတဘိုင်ဒန်လည်း သူ့လိုပဲ ထပ်တူဆန္ဒရှိပါတယ်လို့ ဒုသမ္မတက ပြောသွားပါတယ်။ အစ္စရေးစစ်ကာလအစိုးရအဖွဲ့ဝင် ဝန်ကြီး Benny Gantz နဲ့တွေ့ဆုံချိန်အတွင်း ယာယီအပစ်အခတ်ရပ်စဲရေး၊ ဟာမတ်စ်တို့လက်ထဲကျန်နေသေးတဲ့ ဓားစားခံ ၁၀၀ ကျော်ပြန်လွှတ်ပေးရေး၊ ပါလက်စတိုင်းအရပ်သားသေဆုံးမှုနဲ့ လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နိုင်ရေး အာရုံစိုက်ဆွေးနွေးမယ်လို့ မျှော်လင့်ရကြောင်း အိမ်ဖြူတော်အရာရှိတဦးက ပြောကြားထားပါတယ်။