(Zawgyi / Unicode)
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို သတင်းယူရင်း ဖမ်းဆီးခံလိုက်ရတဲ့ ဂျပန်သတင်းထောက် Yuki Kitazumi ဟာ စစ်တပ်က ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်ပေးလိုက်တာကြောင့် ဂျပန်နိုင်ငံကို ပြန်ရောက်သွားပြီ ဖြစ်ပါတယ်။ နှစ်နိုင်ငံကြား သံတမန်ရေး ချစ်ကြည်ရင်းနှီးမှုကို ပြတဲ့အနေနဲ့ သူ့အပေါ် စွဲချက်တင်ထားတာတွေကို ရုပ်သိမ်းပေးလိုက်တာ ဖြစ်တယ်လို့ သူ့ကို ပြန်လွှတ်ပေးမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ဖမ်းဆီးခံရပြီး လုပ်ကြံသတင်းဖြန့်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ Yuki Kitazumi ကို အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ရုပ်ပိုင်းအရရော၊ စိတ်ပိုင်းအရပါ ကျန်းမာကြောင်း တိုကျိုမြို့က နာရီတာလေဆိပ်ကို ဆိုက်ရောက်ချိန်မှာ သူက ပြောပါတယ်။
SEE ALSO: ဂျပန်သတင်းထောက် Yuki Kitazumi ကို ပြည်နှင်ဒဏ်ပေးပြီး ပြန်လွှတ်သူ့အနေနဲ့ မြန်မာနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးခံလိုက်ရတဲ့အတွက် အင်မတန် စိတ်ပျက်မိကြောင်း Yuki Kitazumi က ပြောပါတယ်။
သူဟာ သတင်းထောက်တဦး ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွင်း သူကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ပြန်လည် ပြောပြလိုကြောင်း၊ သူနဲ့အတူ ထောင်ကျခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံတွေကိုလည်း သူ မှတ်တမ်းပြုစုထားကြောင်း Yuki Kitazumi က ပြောပါတယ်။ ထောင်ထဲမှာ တချို့အကျဉ်းသားတွေဟာ ၂ ရက်လောက်အထိ အစာမစားရတဲ့သူ၊ မေးတာကို မဖြေရင် သေနတ်နဲ့ချိန်ပြီး ညှဉ်းပန်းနှိပ်စက်ခံရသူတွေ ရှိကြောင်းလည်း သူက ပြောပါတယ်။
အလွတ်သတင်းထောက် Yuki Kitazumi ဟာ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ရန်ကုန်မြို့က ဆန္ဒပြပွဲတွေကို သတင်းယူနေရင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး အဲဒီနေ့မှာပဲ နာရီပိုင်းအကြာမှာ ပြန်လွတ်လာခဲ့ပါတယ်။
လက်ရှိမှာတော့ မြန်မာသတင်းမီဒီယာသမား ၄၅ ယောက်ထက်မနည်း ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီထဲက အများစုကို ပုဒ်မ ၅၀၅(က) နဲ့ စစ်ကောင်စီက တရားစွဲထားပါတယ်။
Your browser doesn’t support HTML5
----------------------
(Unicode)