ပြီးခဲ့တဲ့စနေနေ့က ကွယ်လွန်သွားတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် John McCain ရဲ့ အောက်မေ့ဂုဏ်ပြုဖွယ် အခမ်းအနားကို အရီဇိုးနာပြည်နယ်မှာ ဒီကနေ့ စတင်ကျင်းပပါတယ်။
John McCain ဟာ အရီဇိုးနားပြည်နယ်ကိုယ်စားပြုလွှတ်တော်အမတ်အဖြစ် နှစ်ပေါင်း ၃၀ ကျော်ကိုယ်စားပြုခဲ့သူဖြစ်ပါတယ်။ ပြည်နယ်မြို့တော် Phoenix ကလွှတ်တော်မှာ John McCain ရဲ့ရုပ်အလောင်းကို သီးသန့်အခမ်းအနားနဲ့ အောက်မေ့ဂုဏ်ပြုကြမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အများပြည်သူတွေကို လာရောက်ဂါရဝပြုခွင့်ပေးမှာဖြစ်ပါတယ်။
ဈာပနအခမ်းအနားကို အရီဇိုးနားမှာ သီတင်းပတ်ကုန်ထိကျင်းပမှာဖြစ်ပြီး ကြာသပတေးနေ့မှာတော့ John McCain ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့အတူPhoenix မြို့မှာပဲ အများပြည်သူတွေတက်ရောက်တဲ့ ဈာပနအခမ်းအနားကျင်းပမှာပါ။ သောကြာနေ့မှာတော့ မြို့တော်ဝါရှင်တန်မှာ လွတ်တော်အမတ် John McCain ရဲ့အာက်မေ့ဂုဏ်ပြုပွဲကျင်းပပြီး သူ့ရဲ့ရုပ်အလောင်းကို လွှတ်တော်အဆောက်အအုံထဲမှာ ထားရှိမှာဖြစ်ပါတယ်။
ဝါရှင်တန် ဒီစီက National Cathedral မှာ စနေနေ့ ကျင်းပမယ့် ဈာပနအခမ်းအနားမှာတော့ သမ္မတဟောင်းတွေ ဖြစ်ကြတဲ့ ဘရက်ခ် အိုဘားမားနဲ့ George W.Bush တို့က ချီးကျူးဂုဏ်ပြုစကား ပြောကြမှာပါ။ McCain ရဲ့ ရုပ်အလောင်းကိုတော့ လာမယ့် တနင်္ဂနွေနေ့မှာ မေရီလန်း ပြည်နယ် Annapolis က သူတက်ရောက်ခဲ့တဲ့ အမေရိကန် ရေတပ် အကယ်ဒမီမှာ မြှပ်နှံမှာ ဖြစ်ပါတယ်။ John McCain ဟာ ဦးနှောက်ကင်ဆာနဲ့ အသက် ၈၁နှစ်မှာကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
Your browser doesn’t support HTML5
ကွယ်လွန်သူ John McCain ဈာပနအစီအစဉ်နဲ့ ဂုဏ်ပြုအစီအစဉ်များ