ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းဒေသတွေမှာ ဖြစ်နေတဲ့ ထိုးစစ်တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ စစ်ရေးပဋိပက္ခတွေကြောင့် မြေစာပင်ဖြစ်ရတဲ့ ကလေးငယ်တွေ အပါအဝင် အပြစ်မဲ့ပြည်သူတွေရဲ့ အနာဂတ်အရေး အလေးထားစဉ်းစားပေးဖို့ အစိုးရနဲ့ တပ်မတော်ကို ကချင်စစ်ရှောင်တွေနဲ့ ငြိမ်းချမ်းရေးလိုလားသူတွေက ကချင်ပြည်နယ်တွင်း တကျော့ပြန်စစ် ၈နှစ်ပြည့်တဲ့နေ့ ဒီကနေ့မှာ တောင်းဆို လိုက်ကြပါတယ်။ ကချင်တကျော့ပြန်စစ် ၈နှစ်ပြည့်ချိန် ကချင်ပြည်နယ်အပါအဝင် ရန်ကုန်မြို့ကြီးတွေမှာ လှုပ်ရှားတဲ့ ၈နှစ်ပြည့်အထိမ်းအမှတ် ငြိမ်းချမ်းရေး လှုပ်ရှားမှုတွေကိုလည်း အာဏာပိုင်တွေဘက်က တားမြစ်ပိတ်ပင်ခဲ့ပေမဲ့လို့ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေဘက်ကတော့ စစ်ပွဲတွေ အမြန်ဆုံးရပ်တန့်ရေး နဲ့ စစ်ရှောင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး တောင်းဆိုခဲ့ကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ဒီကနေ့ ဇွန်လ ၉ရက်နေ့ကတော့ ကချင်ပြည်နယ်တွင်း မြန်မာ့အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တို့ကြား ၂၀၁၁-ခုနှစ်ကစလို့ တကျော့ပြန်တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့ (၈)နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်။ တကျော့ပြန်စစ် ၈နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အစိုးရ ထိန်းချုပ်နယ်မြေ၊ ကချင်လက်နက်ကိုင်တပ် KIA ထိန်းချုပ်နယ်မြေက စစ်ပြေးစစ်ရှောင်ဒုက္ခသည်တွေအပါအဝင် မြန်မာနိုင်ငံတဝှမ်းက ကချင်လူမျိုးတွေ နိုင်ငံတကာရောက် ကချင်တွေက ကချင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး တိုက်ပွဲကြောင့် စစ်ဒဏ်သင့် စစ်ရှောင်ဒုက္ခသည်တွေအရေး အရေးပေါ်တောင်းဆိုချက်တွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် လှုပ်ရှားခဲ့ကြပါတယ်။
“ကျနော်တို့ ဒီကနေ့ဟာဆိုရင် ကျနော်တို့ ကချင်ဒေသမှာ တကြော့ပြန်စစ်ဖြစ်တာ ၈ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ကျနော်တို့ ၈ နှစ်တာ အတောအတွင်းမှာ စစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့ ကျနော်တို့ မိဘတွေ၊ လူငယ်တွေ၊ ကလေးတွေ ကျနော်တို့ ဘယ်လိုမျိုးဒုက္ခရောက်ခဲ့သလဲ၊ ဘယ်လိုမျိုးဒုက္ခရောက်နေသလဲ စစ်ရှောင်စခန်းတွေမှာ နေထိုင်တဲ့ လူငယ်တွေ၊ ကလေးတွေ၊ မိဘတွေ သူတို့ ကြုံတွေ့ခံစားနေတဲ့ သူတို့အဖြစ်အပျက်တွေကို ၊ အခက်အခဲတွေကို ကျနော်တို့ ထုတ်ဖော်တင်ဆက်မှာဖြစ်ပါတယ်။ ကျနော်တို့ စစ်ရှောင်စခန်းမှာ ၈ နှစ် နေထိုင်တဲ့အချိန်မှာ ကျနော်တို့မှာ ဒုက္ခအများကြီးရှိပါတယ်။ လုံခြုံမှုတွေ မရှိပါဘူး။ ဘယ်နေ့ဘယ်အခါမှာ ဘယ်လိုမျိုးဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး။ အဓိကအားဖြင့် ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး ကျနော်တို့ အများကြီး ဒုက္ခရောက်နေတာတွေရှိပါတယ်။”
ဒါကတော့ ကချင်ပြည်နယ်က ရင်ပြင်မှာ ကချင်လူငယ်တွေ ဒုက္ခသည်တွေ စုပေါင်းပြီး ငြိမ်းချမ်းရေးလှုပ်ရှားနေကြတာပါ။ တကျော့ပြန်စစ် ၈နှစ်ပြည့်တဲ့ အခုချိန်အထိ ကချင်ဒေသခံပြည်သူတသိန်းကျော်ဟာ အစိုးရ ထိန်းချုပ်နယ်မြေ၊ ကချင်လက်နက်ကိုင်တပ် KIA ထိန်းချုပ်နယ်မြေအပါအဝင် တရုတ်-မြန်မာနယ်စပ်က စစ်ဘေး စစ်ရှောင်စခန်းတွေဆီမှာ ခိုလှုံနေထိုင်နေကြရဆဲဖြစ်ပြီး ကချင်ပြည်နယ်တွင်းမှာ စစ်ရေးတင်းမာနေဆဲ အနေအထားဖြစ်ပါတာယ်။
ဒီအခြေအနေအပေါ် ကချင်စစ်ရှောင်ပြည်သူတွေဘက်က စစ်ရှောင်စခန်းတွင်း လူသားချင်းစာနာမှုအကူညီတွေ တားမြစ်ပိတ်ပင်မှုမရှိပဲ ရရှိရေး၊ နေရပ်ရင်းတွေကို လူ့ဂုဏ်သိက္ခာရှိစွာပြန်နိုင်ရေးနဲ့ ကချင်စစ်မီးငြိမ်းအောင် ဆောင်ရွက်ပေးဖို့ NLD အရပ်သားအစိုးရကို တောင်းဆိုသလို တပ်မတော်ကိုလည်း ထိုးစစ်တွေရပ်ပေးပါလို့ ၈နှစ်ပြည့်ချိန် ကချင်လူငယ်တွေကတောင်းဆိုကြပါတယ်။ ကချင်စစ်ရှောင်လူငယ်တဦးဖြစ်တဲ့ ကိုအင်ခွမ် ဂွမ်ဂျာနော်က-ကချင်စစ်ရှောင်တွေရဲ့သဘောထား အခုလိုပြောပါတယ်။
“ဒီ NLD အစိုးရကို ကျနော်ကလည်း မဲပေးခဲ့တယ်ပေါ့နော်။ NLD အစိုးရ တက်လာတဲ့အချိန်မှာ တကယ်ပဲ ကျနော်တို့နိုင်ငံက ငြိမ်းချမ်းတော့မှာပဲ အားလုံးက ငြိမ်းချမ်းတဲ့ နိုင်ငံဖြစ်တော့မှာ၊ ကျနော်တို့ ဒေသလည်းငြိမ်းချမ်းတော့မှာ အဲလိုယုံကြည်ချက်နဲ့ NLD ကိုမဲပေးခဲ့တယ်ပေါ့နော်။ ဒါပေမယ့် အခုအချိန်မှာ စစ်ဘေးရှောင်နဲ့ ပတ်သက်ပြီးတော့ မျှော်လင့်ချက်ကလည်း အရမ်းမရှိတော့ဘူးပေါ့ပြောရမယ်ဆိုရင်။ အခု ၂၀၂၀ မှာ ဘယ်အစိုးရက ဦးဆောင်လာမယ်ဆိုတာလည်း ကျနော်တို့က စိုးရိမ်တယ်ပေါ့နော် ။ အခုကျနော်တို့ လက်ရှိအနေအထားထက် ပိုပြီးတော့ negative ဘက်ပြန်ရောက်သွားမလားဆိုပြီးတော့ စိုးရိမ်တာလည်းရှိတယ်။ နောက်ပြီးတော့ တာဝန်ရှိတဲ့လူတွေအားလုံး ကျနော်တယောက်အနေနဲ့ ပြောချင်တာကတော့ အမြန်ဆုံးငြိမ်းချမ်းချင်တယ်ပေါ့။အားလုံးငြိမ်းချမ်းဖို့အတွက် အမြန်ဆုံး ကြိုးစားပေးပါလို့ အဲလိုပဲပြောချင်ပါတယ်။”
ဒီကနေ့ ကချင်တကျော့ပြန်စစ် ၈နှစ်ပြည့်ချိန် ကချင်ပြည်နယ်မှာ စစ်ဘေးဒဏ်ကြောင့်စစ်ရှောင်ဖြစ်ခဲ့ရတဲ့ လူမမည်ကလေးငယ်တွေ အမျိုးသမီး သက်ကြီးရွယ်အိုနဲ့ ကချင်ပြည်သူတွေရဲ့ ဘဝ အခက်အခဲကြုံခဲ့ရတာတွေ အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြသလို သရုပ်ဖော်လှုပ်ရှားမှုတွေနဲ့လည်း ဖော်ကျူးပြခဲ့ကြပါတယ်။ စစ်ရှောင်ဒုက္ခသည်လူငယ်တဦးရဲ့ ခံစားချက်ကို ကချင်အမျိုးသမီးငယ်လေးတဦးပြောပြခဲ့ပါတယ်။
“၂၀၁၁ ၊ ၆ လပိုင်း ၉ ရက်နေ့ကစပြီး စစ်စဖြစ်ခဲ့တယ်ပေါ့နော်။ တရက် ၊ နှစ်ရက်၊ သုံးရက် တပတ်လောက်ပြီးမယ်ထင်ခဲ့တာ ဒါပေမယ့် စစ်ကို တပတ်အတွင်းပြီးမယ်ပေ့ါနော် သုံးပတ်လောက်အထိပေါ့နော် အဲလောက်ထိ စဉ်းစားပြီးမှ နေခဲ့တယ်။ စစ်ကြောင်းတွေ ထိုးလာတဲ့အချိန်မှာ သမီးတို့က ငယ်သေးတယ်ပေါ့နော်။ ညဆိုရင် ကြောက်ရတယ်ဆိုပြီးမှ အမေက ဘုရားကျောင်းတွေမှာ လူအများတွေနေတဲ့အချိန်မှာ စုပြီးနေခဲ့၊ အိပ်ခဲ့ရတယ်။ ဒါပေမယ့် စစ်က တလတော့ ကုန်သွားတယ် ဒါပေမယ့် စစ်က မပြီးဘူး။ ပိုပိုပြီးပြင်းထန်လာတယ်ပေါ့နော်။ အခုသမီးပြောတဲ့အချိန်မှာ တချို့ကတော့ ငိုကောင်းငိုလိမ့်မယ်ပေါ့နော် ၊ ဒါပေမယ့် တကယ့်ကြုံတွေ့ရတယ်လူတွေဆိုရင် အရမ်းခံစားရတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”
အခုလို ကချင်ကျောင်းသားလူငယ်လေးတွေက ငြိမ်းချမ်းစွာနဲ့ ပြည်တွင်းစစ်မီးကြောင့် ကြုံခဲ့ကြရတာတွေကို ကချင်တကျော့ပြန် ၈နှစ်ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုတွေကို အာဏာပိုင်တွေဘက်က လာရောက်တားမြစ်မှုတွေကြုံခဲ့ရပါတယ်။
“ အာဏာပိုင်။ ။ ဒါက ပျော်ပွဲရွှင်ပွဲလား။
ဖြေ။ ။ ပျော်ပွဲရွှင်ပွဲမဟုတ်ဘူး ကျနော်တို့ ခံစားချက်တွေကို ထုတ်ဖော်ပြသတာ။
အာဏာပိုင်။ ။မှန်တယ် ခံစားချက်တွေကို ထုတ်ဖော်ပြသတာ ဆိုကတည်းက ငြိမ်းစုစီမှာ ပါသွားပြီ။
ဖြေ။ ။မဆိုင်ဘူး ။ ကျနော်တို့က သတိရဆုတောင်းပွဲကိုလုပ်တာ ဆန္ဒထုတ်ဖော်တာလည်းမဟုတ်ဘူး
အာဏာပိုင်။ ။ အခုရုံးမှာ ဆွေးနွေးဖို့အတွက် လိုက်ခဲ့ပေးပါ။
ဖြေ။ ။ ကျနော်တို့ မလိုက်နိုင်ဘူး။
အာဏာပိုင်။ ။မလိုက်နိုင်လည်းရတယ် ကျနော်တို့က အထက်ကို သတင်းပို့ပြီးမှ လုပ်စရာရှိတာကို ဆက်လုပ်မယ်။”
အခုလို ကချင်တကျော့ပြန်စစ် ၈နှစ်ပြည့်ချိန် ငြိမ်းချမ်းစွာလှုပ်ရှားမှုတွေကို အာဏာပိုင်တွေဘက်က လာရောက် တားမြစ်ခဲ့တာတွေနဲ့ပတ်သက်လို့ ကန့်ကွက်ကြောင်းနဲ့ ဒီလိုကချင်တွေရဲ့ ဆန္ဒတောင်းဆိုချက်တွေကို အလေးထားပြီး ကချင်စစ်မီးငြိမ်းအောင်ပဲ တာဝန်ရှိသူတွေဘက်က ဆောင်ရွက်ပေးဖို့လို့ နိုင်ငံတကာကချင်ကွန်ဂရက်ရဲ့ အဖွဲ့ဝင် ဂျပန်နိုင်ငံက ဒေါ်မရစ်ဆိုင်းဘူက ပြောပါတယ်။
“ဒါကတော့ သူတို့ မလုပ်သင့်ဘူးလို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေ တနိုင်ငံလုံးနားလည်လာဖို့အတွက် လုပ်တာဖြစ်တယ်။ ဒါကို နိုင်ထက်စီးနင်းမလုပ်သင့်ဘူးလို့ ကျမတို့မြင်တယ်။ ယဉ်ကျေးသိမ်မွေ့တဲ့ လုပ်ပုံလုပ်နည်းတွေနဲ့ လုပ်ဖို့ ကျမတို့ မျှော်လင့်တယ်။”
အခုလို တစ်ကျော့ပြန် ကချင်စစ်ပွဲ (၈) နှစ်ပြည့် ချိန်မှာ ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းဖို့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတရပ်ကိုလည်း ကချင်လူငယ်တွေအပါအဝင် တိုင်းရင်းသားလူငယ်တွေနဲ့ ကျောင်းသားတွေပါဝင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားသူတွေက ရန်ကုန်မြို့မှာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသေးတယ်။ ဒီအချိန်မှာလည်း အာဏာပိုင်တွေဘက် တားမြစ်ခဲ့ပေမဲ့လို့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေဘက်ကတော့ ငြိမ်းချမ်းရေးသီချင်းတွေ သီဆို ကချင်အပါအဝင် တိုင်းရင်းဒေသတွေက တိုက်ပွဲတွေအမြန်ဆုံးရပ်တန့်ကြဖို့ တောင်းဆိုခဲ့ကြပါတယ်။
Your browser doesn’t support HTML5