ကချင်အထူးဒေသ (၁) နောက်ဆုံးလက်ကျန်မြို့ ကန်ပိုက်တီကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်

တရုတ်မြန်မာနယ်စပ် ကန်ပိုက်တီ ကုန်သွယ်ရေးဂိတ် (ယခင်ပုံဟောင်း)

ကချင်အထူးဒေသ (၁) က နောက်ဆုံးကျန်ရှိနေတဲ့ ကန်ပိုက်တီမြို့ကို KIA ပူးပေါင်းတပ်တွေက ဗုဒ္ဓဟူး နေ့ ညနေပိုင်းမှာသိမ်းပိုက်လိုက်ပါတယ်။ အခုအခါ ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံကြားက နယ်စပ် ဂိတ်တွေ အားလုံးကို KIA ကထိန်းချုပ်လိုက်ပြီဖြစ်တာကြောင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ဖို့ နှစ်ဘက် ညှိနှိုင်းကြရမယ့်အနေအထားရှိနေတယ်ဆိုတဲ့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။ ကချင်ပြည်နယ်က စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုခင်မောင်စိုးမင်းက တင်ပြပေးထားပါတယ်။​

ကချင်အထူးဒေသ (၁) က နောက်ဆုံးကျန်ရှိနေတဲ့ တရုတ်- မြန်မာ နယ်စပ် ကန်ပိုက်တီမြို့ကို KIA ပူးပေါင်းတပ်တွေကဒီလ ၂၀ရက်နေ့ မနက်ပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ပြီး ညနေပိုင်းမှာ သိမ်းယူခဲ့ ပါတယ်။ လက်ရှိမှာတော့ ကန်ပိုက်တီတမြို့လုံးကို KIA က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်ပြီး မြို့ကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်မှာနေထိုင်သူ ကချင်ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ကန်ပိုက်တီက မနေ့ညနေ ၅ နာရီမှာသိမ်းပြီးသွားပြီလေ။ မနေ့ကမနက် ဝင်တိုက်တာ။ ညနေပိုင်း ရသွားတာပေါ့။လောလောဆယ်က မြို့ကိုက KIA ထိန်းချုပ်လိုက်ပြီပေါ့။ ကန်ပိုက်တီ တမြို့လုံး။ တချို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကတရုတ်ပြည်ဘက် ပြေးသွားတယ်ကြားတယ်။ တချို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက တရုတ်ပြည်ဘက် ဝင်သွားတာပေါ့။သူတို့ မိသားစုတွေ။ BGF တွေ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေပေါ့။ တချို့က ထွက်ပြေးနေတယ်ပြောတယ်။လောလောဆယ်က နယ်စပ်ဂိတ်တွေ အကုန်လုံးက KIA တွေ ထိန်းချုပ်လိုက်ပြီ။ ဒီ တရုတ်ပြည်နယ်စပ် ကချင်ပြည်နယ်အခြမ်းပေါ့နော။ အားလုံးထိန်းချုပ်လိုက်ပြီ။”

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက ကချင်အထူးဒေသ (၁) နယ်မြေမှာပါဝင်တဲ့ ဝိုင်းမော်မြို့နယ် ဆဒုံးဒေသကို သိမ်းယူခဲ့တာပါ။ စက်တင်ဘာလအကုန်မှာတော့ ကျန်ရှိနေတဲ့ ကချင်အထူးဒေသ (၁) နယ်မြေတွေကို ထိုးစစ်ဆင်ခဲ့ပြီး အောက်တိုဘာလအတွင်းမှာ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ဖီမော်စတဲ့မြို့၊ ရွာတွေနဲ့ BGF ခေါ် နယ်ခြားစောင့်တပ်ရင်း အမှတ် ၁၀၀၁၊ ၁၀၀၂ နဲ့ ၁၀၀၃ တို့ကို ပါ သိမ်းပိုက်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ နောက်ဆုံးကျန်ရှိနေတဲ့ ကန်ပိုက်တီကို တရက်အတွင်းမှာ သိမ်းယူလိုက်တာလည်း ဖြစ်ပါတယ်။

KIA က ကချင်အထူးဒေသ (၁) ရဲ့ ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းအခြေစိုက်ရာ ပန်ဝါကို ထိုးစစ်ဆင်ချိန်မှာ တရုတ်နိုင်ငံဘက်က တိုက်ပွဲတွေရပ်ဆိုင်းဖို့ တောင်းဆိုတာရှိခဲ့သလို ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံ နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးဂိတ်အားလုံးကို ပိတ်ပစ်ခဲ့ပါတယ်။

ဒီလို နယ်စပ်ဂိတ်တွေ ပိတ်လိုက်တဲ့အတွက် ကချင်ပြည်နယ်က ဒေသခံတွေတင်မက တရုတ်နိုင်ငံဘက်က လုပ်ငန်းရှင်တွေပါ ထိခိုက်စေတာကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ နှစ်ဘက်ဆွေးနွေးလိမ့်မယ်လို့မျှော်လင့်ကြောင်းလည်း ကချင်ဒေသခံက ဆက်ပြောပါတယ်။

“အခက်အခဲက ဟိုဘက်၊ ဒီဘက်ရှိတယ်ပေါ့။ အဓိက ယူနန်ပြည်က ဗမာပြည်ကိုပဲ ပစ္စည်းသွင်းပြီးတော့ စီးပွားဖြစ်ကြတာပေါ့နော်။ ဒီဘက်ကို ပစ္စည်းမသွင်းရဘူးဆို သူတို့လည်း နစ်နာမှုရှိတာပေါ့။ ပြီးရင် ဒီဘက် ကချင်ပြည်ဘက်အခြမ်းဆို မြေရှားသတ္တုတွင်းတွေ ရပ်သွားတဲ့အတွက် သူတို့လည်း ထိခိုက်မှုရှိမယ်။ ပြီးရင် ဒီဘက်ကချင်ပြည်မှာ တရုတ်ရဲ့ငှက်ပျောခြံတွေက ဧက သိန်းဂဏန်းရှိတာပေါ့။ ပြီးရင် ဒီနယ်စပ်တလျှေက် ကြံခင်းတွေ ရှိတယ်ပေါ့။ တရုတ်က စိုက်တဲ့ကြံခင်းတွေ။ ငှက်ပျောတို့ ၊ ကြံတို့ဆိုတာ အချိန်မီတရုတ်ဘက်မတင်သွင်းဘူးဆိုရင် အကုန်ပုပ်သိုး ပျက်စီးမယ်ဆိုတော့သူတို့လည်း ထိခိုက်မှုရှိမယ်။ သူတို့လည်း တရုတ်အစိုးရဆီမှာ ပိုက်ဆံချေးပြီးစိုက်တာကိုး။ ချေးငှားပြီး စိုက်တော့အစိုးရလည်းထိမယ်။ မြေရှားလုပ်ကွက်တွေ ရပ်နားထားတော့ တရုတ်လုပ်ငန်းရှင်တွေလည်း ထိခိုက်တာ ရှိမယ်။အစိုးရလည်း ထိခိုက်တာရှိမယ်ပေါ့။ အကုန်လုံး ဒီဘက်က KIA က ထိန်းချုပ်လိုက်ပြီ ဆိုတော့ သူတို့ KIA နဲ့တော့ ဆွေးကို ဆွေးနွေးရမှာပေါ့။”

ကချင်ပြည်နယ်နဲ့ တရုတ်နိုင်ငံကြားမှာ KIA ဌာနချုပ် လိုင်ဇာဒေသမှာ နယ်စပ်ဂိတ် (၃) ဂိတ်အပြင် မိုင်ဂျာယန်၊ လွယ်ဂျယ်နဲ့ ကန်ပိုက်တီ စတဲ့မြို့တွေမှာ နယ်စပ်ဂိတ်တွေ ရှိနေတာပါ။ ဒီဂိတ်တွေကို အောက်တိုဘာလ တတိယပတ်က စတင်ပြီး တရုတ်နိုင်ငံဘက်က ပိတ်ခဲ့သလို နောက်ပိုင်းမှာ KIA ကလည်း ပြန်ပိတ်တဲ့သတင်းတွေ ထွက်ပေါ်နေတာလည်း ဖြစ်ပါတယ်။

တရုတ်နယ်စပ်ဂိတ်မြို့ဖြစ်တဲ့ ကံပိုင်တည်ကို KIA ပူးပေါင်းတပ်တွေ သိမ်းယူချိန်မှာ မိုးမောက်နဲ့ ဗန်းမော်ကြားက ၇ မိုင်မှာ စစ်ကောင်စီနဲ့ KIA တို့တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က သံချပ်ကာယာဉ်တွေ၊ ဒရုန်းတွေ သုံးပြီး ထိုးစစ်ဆင်နေသလို လေကြောင်းကပါ တိုက်ခိုက်နေကြောင်းလည်း ကချင် ဒေသခံတွေက ပြောပါတယ်။

ဒီနှစ် သြဂုတ်လအတွင်းက မိုးမောက်အခြေစိုက် ခမရ ၄၃၇ ကို KIA ဘက်က သိမ်းယူခဲ့ပြီး ဒီတပ်စခန်းဟာ ဗန်းမော်မြို့လုံခြုံရေးအတွက် အဓိကကျတာကြောင့် စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်နေတာလို့လည်း ဒေသခံတွေကသုံးသပ်ကြပါတယ်။ မိုးမောက်နဲ့ ဗန်းမော်ကြား တိုက်ပွဲတွေဟာ အခုဆို ၂ လကျော်ကြာမြင့်လာနေပြီလည်း ဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်း တိုက်ပွဲသတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Your browser doesn’t support HTML5

ကချင်အထူးဒေသ (၁) နောက်ဆုံးလက်ကျန်မြို့ ကန်ပိုက်တီကို KIA ပူးပေါင်းတပ်တွေ သိမ်းပိုက်