ရေဘေးသင့် ကရင်နီလယ်ယာတွေ ပြန်စိုက်ဖို့ အခက်ကြုံ

ကယားပြည်နယ် (သို့) ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းက ရေဘေးဒဏ်သင့် ဘုရားဖြူရွာမှာ စပါးတွေကို ရိတ်ပြီးလှေနဲ့သယ်လာတဲ့ လယ်သမားများ (စက်တင်ဘာ ၁၆၊ ၂၀၂၄)

ကရင်နီဒေသမှာ ရေဘေးသင့်လို့ ရေမြုပ်ပျက်စီးသွားတဲ့ စပါးစိုက်ခင်း လယ်ဧက ၇,၀၀၀ ကျော် အတွက် မျိုးစေ့နဲ့ငွေကြေး အခက်တွေ့နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဗွီအိုအေကို ပြောပါတယ်။ စစ်ရေးပဋိပက္ခတွေပါ ပြင်းထန်နေဆဲ ကရင်နီဒေသ စစ်ရှောင်နဲ့ ဒေသခံတွေအတွက် လာမယ့်နှစ် စားနပ်ရိက္ခာပြတ်လပ်မယ့်အခြေအနေ ဆိုက်နေကြောင်း ကူညီပေးနေသူတွေပြောတာကို ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့လက ပြင်းထန်တဲ့ဆိုင်ကလုန်း ရာဂီမုန်တိုင်းရိုက်ခတ်မှုဒဏ်ကြောင့် ကယားပြည်နယ် (ကရင်နီ) ဒေသတဝိုက်က မြို့နယ် ၇ ခုနဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ရွာသူရွာသားအပါအဝင် လူဦးရေ ၃၅,၀၀၀ ကျော် ရေဘေးသင့်ခဲ့ရတာပါ။ အဲ့ဒီ့ရေဘေးဒဏ်ကြောင့် စစ်ရှောင်နဲ့ဒေသခံတွေ ခိုလှုံနေထိုင်ရာ ကျေးရွာတွေ ရေလွှမ်းမိုးခဲ့ပြီး နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရသလို သိုလှောင်ထားတဲ့ ရိက္ခာ တချို့ ရေထဲမျောပါသွားတာ၊ တပိုင်တနိုင် စိုက်ထားတဲ့ စပါးခင်းတွေကိုရေလွှမ်း ပျက်စီးကုန်ခဲ့ပါတယ်

အခုလို ရေလွှမ်းမိုးဒဏ်ခံလိုက်ရပြီး စပါးခင်းတွေ ပြန်စိုက်ပျိုးနိုင်ရေး အခက်ကြုံနေကြရတာကြောင့် စစ်ရှောင်တွေနဲ့ ဒေသခံတွေနဲ့ စားနပ်ရိက္ခာအခက်အခဲဖြစ်နိုင်ပြီး လာမယ့်နှစ် ဆန်စပါးပြတ်လပ်မယ့် အခြေအနေနဲ့ ကြုံရနိုင်တယ်လို့ IEC အတွင်းရေးမှူး (၂) ကိုဗညားက ခုလို ပြောပါတယ်။

“စိန်ခေါ်မှု ပိုပိုတိုးလာတယ်ပေါ့နော်။ ပြည်နယ်ထဲမှာ စိုက်ပျိုးနေတဲ့ပမာဏကလည်း အကန့်အသတ် ရှိတယ်။ အဲ့ဒီထဲက ရေထပ်မြုပ်တော့ အထွက်နှုန်းကျသွားနိုင်တယ်။ အဲ့ဒီကျလိုက်တဲ့အတွက်ကြောင့်မို့ စားနပ်ရိက္ခာ- နံပါတ် (၁) အချက် ဆန်စပါးဈေးနှုန်းပေါ့နော် အတော်လေးကို မြင့်တက်သွားနိုင်တယ်၊ စားနပ်ရိက္ခာမှာ စိုးရိမ်စရာတွေ ပိုတိုးတာပေါ့နော်၊ စားနပ်ရိက္ခာ အထူးသဖြင့် ဆန်စပါးပေါ့နော်၊ ပြတ်လပ်သွားနိုင်တဲ့အခြေအနေကို ဒီနှစ်ကုန်ပိုင်း အထူးသဖြင့် နောက်နှစ် ဒီပြသနာတွေကို ကျနော်တို့ ကြုံရနိုင်ခြေရှိတယ်ဆိုပြီးတော့မှ အကြမ်းဖျင်းခန့်မှန်းထားတာရှိပါတယ်။”

ရေကြီးနစ်မြုပ်လို့ ပျက်စီးသွားတဲ့ လယ်ယာစိုက်ပျိုးရေးခြံမြေတွေနဲ့ စပါးခင်းတွေ ပြန်လည် စိုက်ပျိုးနိုင်ဖို့ ငွေကြေးအခက်အခဲ၊ မျိုးစေ့အခက်အခဲဖြစ်နေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

“ကျနော်တို့ဆီမှာတော့ လောလောဆယ် အခက်အခဲ ကြုံနေသေးတယ်ပေါ့နော်။ သွင်းအားစုတွေ ပေါ့နော် လယ်ယာစိုက်ပျိုးတာဖြစ်စေ၊ ကျနော်တို့ ဆောင်းသီးနှံစိုက်ပျိုးတာ၊ တချို့ မျိုးကောင်း မျိုးသန့်တွေ မျိုးစေ့ကိစ္စတွေ ရှိမယ်။ နောက်ပြီးတော့မှ သဘာဝမြေသြဇာဖြစ်စေ၊ ဓာတ်မြေသြဇာ ဖြစ်စေ၊ အဲ့ဒါလိုအပ်တယ်။ နောက်ပြီးတော့မှ အဲ့ဒီအတွက် ထွန်ရက်ဖို့အတွက်လိုအပ်တဲ့ ဓာတ်ဆီ ပေါ့နော် မဟုတ်ရင် ဒီဇင်ဆီပေါ့နော်၊ အဲ့ဒီမှာ အခက်အခဲရှိနေသေးတယ်ပေါ့နော်။ တချို့ငွေကြေးအရ လိုအပ်ချက်တွေ နောက်အသီးနှံမျိုးစေ့တွေကတော့ အခုတော့ စိန်ခေါ်မှုတော့ ရှိနေတယ်ပေါ့။”

မိုးများရေကြီးပြီး ရေအောက်ရောက်သွားလို့ ပျက်စီးသွားတဲ့ စပါးခင်း ဧက ၇,၀၀၀ ကျော်ရှိတယ်လို့ အောက်တိုဘာလတရက်နေ့က IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ပြန်လည်ထူထောင်ရေးဌာန ဌာနမှူးကြီး ခွံမာတီးယာက ဗွီအိုအေကို ပြောခဲ့ပါတယ်။

“ပျက်စီးသွားတဲ့ လယ်ဧက၊ ဒီရေလွှမ်းမိုးမှုခံရတဲ့ လယ်ဧကကတော့ ဧက ၇,၀၀၀ ကျော် ရှိလာပြီ ပေါ့လေနော်။ လွိုင်ကော်၊ ဖယ်ခုံနဲ့ နန်းမယ်ခုံ၊ ဒီးမော့ဆို၊ မိုးဗြဲတကျောပေါ့လေနော်။ အဲ့ဒီလယ်တွေက အကုန်လုံးရေမြုပ်ကုန်ပြီးပေါ့လေနော်၊ ပြန်လည်ယူလို့မရတဲ့ဟာမျိုးတွေ ဖြစ်ကုန်ပြီပေါ့လေနော်။”

ကရင်နီဒေသဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ဒုတိယသီတင်းပတ်က,စပြီး ရက် ပေါင်း ၂၀ ကျော်ကြာ ရေကြီးမြုပ်မှုဒဏ်ခံခဲ့ရပြီး အခုချိန်ထိ တချို့ ကျေးရွာနဲ့ စစ်ရှောင်စခန်းနေအိမ်တွေ နေထိုင်လို့ မရသေးပါဘူး။

စစ်ကောင်စီတပ်နဲ့ ဒေသခံ ကရင်နီတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီဒေသဟာ နေရာတိုင်းမှာ လယ်ယာစိုက်ပျိုးနိုင်တဲ့ အခြေအနေမရှိပါဘူး။ နယ်မြေတည်ငြိမ်တဲ့ ကျေးရွာလောက်သာ ရေရှည်စားနပ်ရိက္ခာအတွက် တပိုင်တနိုင် မိုးစပါးနဲ့ ဆောင်းသီးနှံတွေ စိုက်ပျိုးကြပါတယ်။

ရေဘေးသင့်ဒဏ်ကြောင့် လာမယ့်နှစ်မှာ ဆန်စပါးဈေးနှုန်း မြင့်တက်လာနိုင်ခြေရှိပြီး ဒေသခံတွေဟာ အကျပ်အတည်း ပိုမိုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ရေဘေးကြောင့် ဒုက္ခရောက်ခဲ့တဲ့ဒေသခံတွေကို လယ်ယာစိုက်ပျိုးရေးအပါအဝင် ပြန်လည် ထူထောင်ရေး ကူညီထောက်ပံ့မှုအခြေအနေနဲ့ပတ်သက်လို့ ကယားပြည်နယ် အစိုးရအဖွဲ့ ပြောခွင့်ရ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇာနည်မောင်ကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။

Your browser doesn’t support HTML5

ရေဘေးသင့် ကရင်နီလယ်ယာတွေ ပြန်စိုက်ဖို့ အခက်ကြုံ