မကြာသေးခင်ကပဲထိန်းချုပ်လိုက်တဲ့ ကချင်ပြည်နယ် အထူးဒေသ (၁) ကို ဖျက်သိမ်းလိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ နောက်ဆုံးကျန်နေသေးတဲ့ နယ်မြေကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ထိန်းချုပ်လိုက်ပြီးနောက် စစ်အစိုးရတွေလက်ထက်မှာ သတ်မှတ်ခဲ့တဲ့အထူးဒေသကို KIA ကဖျက်သိမ်းလိုက်တာပါ။ ကချင်ပြည်နယ် စစ်ရေး အခြေအနေ ရန်ကုန်က သတင်းပေးပို့ ထားတာကို ကိုခင်မောင်စိုးမင်းတင်ပြထားပါတယ်။
ဦးဇခုန်တိန့်ယိန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ ကချင်ပြည်နယ် အထူးဒေသ (၁) က နောက်ဆုံးကျန်ရှိနေတဲ့ ကန်ပိုက်တီ ( ကံပိုင်တည်) မြို့ကို KIA ပူးပေါင်းတပ်ဖွဲ့တွေက ဒီလ ၂၀ ရက်နေ့က သိမ်းယူခဲ့တာပါ။ ဒီလို သိမ်းယူပြီး တပတ်ကျော်အကြာမှာပဲ အထူးဒေသကို ဖျက် သိမ်းကြောင်း KIA ကြေညာလိုက်တာ ဖြစ်ပါတယ်။
‘ကချင် အထူးဒေသ (၁) ကို ခွဲခြားသတ်မှတ် အုပ်ချုပ်တာကြောင့် ကချင်လူမျိုးတွေရဲ့ စည်းလုံးမှုကို ထိခိုက်စေကြောင်း၊ ကချင်လူမျိုးသာမက ကချင်ဒေသရှိ တိုင်းရင်းသားတွေ စိတ်ဝမ်းကွဲမှုမရှိဘဲ တန်းတူနေထိုင်နိုင်ဖို့ အထူးဒေသ(၁) နယ်မြေကိုရယူခဲ့ကြောင်းနဲ့ ယနေ့မှစပြီး ကချင်အထူးဒေသ (၁) သတ်မှတ်ချက် မရှိတော့ကြောင်း‘ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်တာပါ။ KIA ရဲ့ စစ်ရေးရည်မှန်းချက်နဲ့ ပတ်သက်လို့ ရှင်းလင်းဖို့ ကြေညာချက်ထုတ်ခဲ့တာလို့လည်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗွီအိုအေကို ပြောပါတယ်။
“အဓိကကတော့ ကျနော်တို့ ကချင် အထူးဒေသ (၁) ဆိုပြီးမှ စစ်အစိုးရဘက်ကနဲ့ သတ်မှတ်တဲ့ နယ်မြေတွေကို ကျနော်တို့ ဘာကြောင့် စစ်ဆင်ရေးလုပ်တာ၊ ဘာကြောင့် အရတိုက်တယ်ဆိုတာ ပြည်သူလူထုတွေ နောက် အဲဒီဒေသမှာ ရှိနေတဲ့၊ အဲဒီဒေသမှာ စီးပွားရေးလုပ်နေတဲ့ လုပ်ငန်းရှင်တွေ၊ သိရှိဖို့အတွက် နားလည်ဖို့အတွက် အဲဒီ Statement ထုတ်တာလည်း ဖြစ်ပါတယ်။ ”
အရင် အထူးဒေသ (၁) မှာ နေထိုင်တဲ့ဌာနေ ပြည်သူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း KIA နဲ့ ပူးပေါင်းပြီး ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။
လောလောဆယ်မှာတော့ အထူးဒေသ (၁) မှာ ပါဝင်တဲ့ ဒေသတွေကို KIA အုပ်ချုပ်ရေး ချမှတ်ဖော်ဆောင်နေပြီဖြစ်ကြောင်းလည်း ပြောပါတယ်။
“ကျနော်တို့ ချီဖွေ ခရိုင်ပေါ့နော်။ သူတို့ဘက်ကနဲ့ သတ်မှတ်ထားတာ ချီဖွေခရိုင်၊ ဆော့လော်မြို့နယ်တွေ၊ နောက် ဆဒုံးမြို့နယ်တို့၊ ပန်ဝါ မြို့နယ်ခွဲတွေပေါ့။ အဲဒီဘက်မှာ ကျနော်တို့လည်း အုပ်ချုပ်မှုယန္တရားတွေ ချမှတ်ပြီးမှ ပြည်သူလူထုရဲ့စားဝတ်နေရေးတွေ၊ လုံခြုံရေးတွေ၊ နောက် ဒေသဖွံ့ဖြိုးရေးတွေ ကျနော်တို့ အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ပေါ့နော်၊ စီစဉ်နေပါတယ်။ ခု လက်တွေ့လည်း တော်တော်များများတော့ လုပ်တာ ရှိပါတယ်။”
ယခင် ကချင်အထူးဒေသ (၁) နယ်မြေမှာ ပန်ဝါဒေသဘက်က မြေရှားသတ္တုအဓိက တူးဖော်ပြီး တရုတ်နိုင်ငံကို တင်ပို့တာရှိသလို ကန်ပိုက်တီကတော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ စခန်းလည်း ဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေမှာတော့ ကန်ပိုက်တီကနေ တရုတ်နိုင်ငံဘက်ကို တစ်သျှူးငှက်ပျောတင်တဲ့ကားတွေ သွားလာတာရှိနေပေမဲ့တရုတ်နိုင်ငံဘက်ကတော့ မြန်မာဘက်ကို ကုန်ပစ္စည်းပို့ဆောင်တာ မရှိသေးကြောင်းလည်း ပြောပါတယ်။
နယ်စပ်ကုန်သွယ်မှု ပြန်လည် လည်ပတ်နိုင်ရေးအတွက် တရုတ်နိုင်ငံဘက် ဆုံးဖြတ်ချက်ဟာ အဓိက ဖြစ်ပြီး KIA ဘက်က ပိတ်ပင်ဖို့ မရှိကြောင်းလည်း ပြောပါတယ်။
“ဟုတ်ကဲ့။ အဲဒါကတော့ တရုတ်ဘက်က အဓိက ဖြစ်မှာပါ။ ကျနော်တို့ ဘက်ကနဲ့တော့ အထူး ဘာမှ ပြောစရာတော့ မရှိပါဘူး။ ဥပမာ ဂိတ်ပိတ်တာတွေ၊ ကုန်သွယ်မှု အားလုံးစီးဆင်းမှုကတော့ တရုတ်ပြည်ဘက်က အဓိကဖြစ်မှာပါ။ ကျနော်တို့လည်း ပြည်သူလူထုအတွက်ပဲဆိုတော့ အဲဒါတွေကတော့ ကျနော်တို့ ဘာမှ အနှောင့်အယှက်ပေးစရာတော့ မရှိပါဘူးခင်ဗျ။ ”
ကန်ပိုက်တီဂိတ်က ကုန်ပစ္စည်းအဝင်ရပ်တန့်ခဲ့တဲ့နောက် မြစ်ကြီးနားမြို့ပေါ်မှာ ဓါတ်ဆီ တလီတာကို တသောင်းခွဲလောက်အထိ မြင့်တက်လာနေပါတယ်။
KIA နဲ့ ပူးပေါင်းတပ်တွေဟာ ကချင်အထူးဒေသ (၁) ကို စက်တင်ဘာလကုန်ပိုင်းမှာ စတင် ထိုးစစ်ဆင်ခဲ့ပြီး ချီဖွေ၊ ဆော့လော်၊ ပန်ဝါ ၊ ကန်ပိုက်တီ စတဲ့မြို့တွေ၊ နယ်ခြားစောင့်တပ်တွေနဲ့ ပြည်သူ့စစ်စခန်းတွေကို သိမ်းယူခဲ့တာဖြစ်ပါတယ်။KIA ရဲ့ ထုတ်ပြန်ချက် အပါအဝင် ကချင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
ကချင်ပြည်နယ် အထူးဒေသ (၁) ဟာ ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ဒီမိုကရေစီသစ်တပ်မတော်- ကချင် NDA-K ကဗမာပြည်ကွန်မြူနစ်ပါတီကခွဲထွက်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီးနောက် ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
‘ကချင်အထူးဒေသ (၁) ကို ခွဲခြားသတ်မှတ်အုပ်ချုပ်တာကြောင့် ကချင်လူမျိုးတွေရဲ့ စည်းလုံးမှုကို ထိခိုက်စေကြောင်းနဲ့ ကချင်ဒေသရှိတိုင်းရင်းသားတွေစိတ်ဝမ်းကွဲမှုမရှိဘဲ တန်းတူနေထိုင်နိုင်ဖို့ အထူးဒေသ (၁) နယ်မြေကိုရယူခဲ့ကြောင်းနဲ့ ယနေ့မှစပြီး ကချင်အထူးဒေသ (၁) သတ်မှတ်ချက်မရှိတော့ကြောင်း‘ KIA ကကြေညာချက်ထုတ်ပါတယ်။
Your browser doesn’t support HTML5