ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့ နယ်ထဲမှာရှိတဲ့ စစ်ကောင်စီအတွက် အရေးပါတဲ့မူသယ်စခန်းကို ကရင်အမျိုးသားများ ကာကွယ်ရေး တပ်-KNDO နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ ကေအန်ယူ ဘက်က ပြောပါတယ်။ နှစ်ဘက်တိုက်ခိုက်မူတွေအတွင်း အရပ်သားပြည်သူတွေ သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ်ထဲမှာရှိတဲ့ စစ် ကောင်စီရဲ့ အရေးပါတဲ့ စစ်စခန်းဖြစ်တဲ့ မူသယ်စခန်းကို KNU နဲ့ ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့တာပါ။ ဒီစခန်းဟာ တပ်မဟာ ၅ ဖာပွန်ခရိုင်ထိ ထောက်ပို့လုပ်ပေးနေတဲ့ အရေးပါတဲ့ စခန်းဖြစ်တယ်လို့ ကေအန်ယူဘက်က ဆိုပါတယ်။ ဒီစခန်းသိမ်းတိုက်ပွဲ နှစ်ဖက်ပစ်ခတ်မှု တွေကြောင့် ဒေသခံငါးဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မူသယ်စခန်းဆိုတာ အထိုင်ချစခန်းပေါ့။ အဲဒီစခန်းကို KNU-KNDO-PDF ပူးပေါင်းတပ်တွေက ဝင်တိုက်လိုက်တာ ၃၁ ရက်နေ့ကစပြီး ဇန်နဝါရီလ ၃ ရက်နေ့လောက်က စခန်းသိမ်းနိုင်တာ။ စစ်ကောင်စီက လေကြောင်းကော၊ လက်နက်ကြီးကော၊ အရင်ကထက် ပိုပစ်တယ်။ လေကြောင်း ကနေဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာတွေ အဲဒီနားက တပ်ရင်းအကုန်လုံးက ပစ်တယ်။ သူတို့ ထွက်ပြေးတော့ လက်နက်ခဲယမ်းတွေ ကျန်ခဲ့တာရှိတယ်။ သေတဲ့သူတွေက စစ်ကောင်စီ ၈ ယောက် လောက်သေတယ်။ ကျနော်တို့ ပြည်သူတွေထဲ့လည်း ၅ ဦး၊ ၆ ဦးလောက် သေတယ်။ မူသယ်စခန်း ဘေးက ကျေးရွာတွေက ပြည်သူတွေက အကုန်ထွက်ပြေးနေရတယ်။
နှစ်ဘက်တိုက်ပွဲတွေ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် နေရပ်မပြန်နိုင်ဘဲ ထွက်ပြေးနေရတဲ့ဒုက္ခသည် သိန်းဂဏန်းနဲ့ရှိနေပြီး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့လည်း ဆိုပါတယ်။
“ရွာထဲမှာ မတိမ်းမရှောင်နိုင်တဲ့သူတွေက.. ဆယ်ပုံတပုံလောက်ပဲကျန်တယ်။ ပြည်သူတွေက အကုန်တောထဲတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေတယ်။ ကျန်တဲ့သူတွေအကုန် တိမ်းရှောင်တယ်။ တောထဲ တောင်ထဲနေတယ်၊ မြို့ပေါ်တက်တယ်၊ စစ်မဖြစ်သေးတဲ့နေရာကို ရွှေ့နေကြတယ်။ ရွာကို ပြန်မလာရဲကြဘူး အခုက။ ရွာတွေက လူတွေက သိန်းနဲ့ချီရှိပြီ မပြန်ရဲကြဘူး။”
မူသယ်စခန်းသိမ်းပိုက်စဥ် လက်နက်ခဲယမ်း အများအပြားရရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံး ကြောင်း KNU ပြောပေမယ့် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ညောင်လေးပင် ခရိုင်ဟာ စစ်ဘေးရှောင်ဦးရေ အများဆုံးထဲမှာပါဝင်ပြီး စစ်ဘေးကော၊ ရေဘေးကောသင့်တဲ့အတွက် ဒေသခံတွေက ပိုပြီး ဒုက္ခရောက်နေရပါတယ်။
အဲဒီ နယ်မြေထဲမှာ စစ်ကောင်စီဘက်က စခန်းအတော်များများ လက်လွှတ်ဆုံးရှုံးရတာရှိသလို နောက်ထပ် စခန်းသုံးခုလောက်ပဲ ကျန်တော့တယ်လို့လည်း ပူးပေါင်းတပ်တွေဘက်က ဆိုပါတယ်။ အခု မူသယ်စခန်းဟာ စစ်ကောင်စီရဲ့အရေးပါတဲ့စခန်းတခုဖြစ်ပြီး ထောက်ပို့လုပ်ငန်းတွေကို အဓိကလုပ်နေတဲ့ စခန်းလို့လည်း သိရပါတယ်။
Your browser doesn’t support HTML5