[[Zawgyi/Unicode]]
စစ်ကျန်လက်နက်ရှင်းလင်းရေးပံ့ပိုးမှု လုံခြုံရေးနဲ့ စာနာမှုအကူ တိုးတက် (ကန်လက်နက်ဖျက်သိမ်းရေးအကြီးအကဲ)အာရှ ပိစိဖိတ်ဒေသမှာ အမေရိကန်က စစ်ကျန်လက်နက်တွေနဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်နေတဲ့ကိစ္စတွေကို Jerry Guilbert က ဒီကနေ့ တယ်လီဖုန်းကနေတဆင့် သတင်းထောက်တွေကို ရှင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို မဆုမြတ်မွန်က တင်ပြပေးထားပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်မှာ စစ်ကျန်လက်နက်နဲ့ မြေမြှုပ်မိုင်းရှင်းလင်းရေးအစီအစဉ်တွေ အမေရိကန်ပြည်ထောင်စုက လုပ်ပေးနေကြောင်း ဧပြီ ၄ ရက် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် အာရှ ဖိစိဖိတ်ဒေသမှာ လက်နက် ရှင်းလင်း လျှော့ချရေးအစီအစဉ်တွေကို အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လက်နက်ရှင်းလင်းရေးနဲ့ လျှော့ချရေးဆိုင်ရာ အစီအစဉ်အကြီးအကဲ Jerry Guilbert က ဒီနေ့ သတင်းထောက်တွေကို တယ်လီဖုန်းပေါ်ကနေ ရှင်းပြခဲ့ပါတယ်။ စစ်ပွဲ ပဋိပက္ခတွေပြီးဆုံးသွားသည့်တိုင် စစ်ကျန်လက်နက်တွေနဲ့ မြေမြှုပ်မိုင်းအန္တရာယ်တွေဟာ ဆယ်စုနှစ်နဲ့ချီ ဆက်လက်ကျန်ရှိနေနိုင်သေးတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ရှင်းလင်းရေးအစီအစဉ်တွေကို ၁၉၉၃ ခုနှစ်ကတည်းကဆောင်ရွက်နေတယ်လို့ အကြီးအကဲ Guilbert ကပြောပါတယ်။ စုစုပေါင်း ဒေါ်လာ ၄ ဘီလျံကျော် သုံးစွဲကူညီရှင်းလင်းနေတဲ့ အစီအစဉ်တွေထဲမှာ အာရှ ပိစိဖိတ်ဒေသမှာလည်း အလေးထားလုပ်နေတဲ့အကြောင်း ခုလိုပြောကြားခဲ့ပါတယ်။
"အရှေ့တောင်အာရှနဲ့ Pacific ကျွန်းဒေသတွေက အမေရိကန်ပြည်ထောင်စုရဲ့ လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေး အားထုတ်ဆောင်ရွက်မှုတွေဟာ အမေရိကန်အတွက် အမြဲအရေးကြီးသလို ဒေသတွင်းမှာ မပေါက်ကွဲသေးတဲ့စစ်ကျန်လက်နက်တွေ အများကြီးရှိနေတဲ့အခြေအနေကြောင့် ဦးစားပေးလုပ်နေတဲ့ ကိစ္စတခုဖြစ်ပါတယ်။"
မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေနားမှာ နေထိုင်နေကြတဲ့ အရပ်သားပြည်သူတွေဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်နေရင်းနဲ့ကို မိုင်းနင်းမိတဲ့အတွက် သေရာပါ ထိခိုက် ဒဏ်ရာရမှုတွေ၊ အသက်သေဆုံးမှုတွေအထိ ဖြစ်ကြရတာကို သူက ထောက်ပြပါတယ်။ အမေရိကန်အနေနဲ့ အဲဒီလက်နက်တွေ ဖယ်ရှားရှင်းလင်းနိုင်ဖို့ အကူအညီပေးတဲ့အခါ အိမ်ရှင်နိုင်ငံတွေအနေနဲ့ လက်နက်တွေ ရှင်းလင်းဖယ်ရှားတဲ့ စွမ်းဆောင်နိုင်မှုရှိလာအောင် အဓိက ဆောင်ရွက်တယ်လို့ အခုလို သူက ရှင်းပြပါတယ်။
"ကျနော်တို့ လက်နက်ရှင်းလင်းရေးလုပ်ငန်းလုပ်တဲ့အခါ ရှင်းလင်းရေးလုပ်ငန်းစဉ်တွေကို အိမ်ရှင် မိတ်ဖက်အစိုးရတွေ ဦးဆောင်က ဦးဆောင်ရမှာဖြစ်ပါတယ်။ သူတို့နိုင်ငံမှာ ဘယ်ဟာကို ဦးစားပေးရှင်းလင်းမလဲဆိုတာ သိနိုင်စွမ်းရှိအောင် ကျနော်တို့က ကူညီချင်တဲ့အတွက်ဖြစ်ပါတယ်။ အဲဒီလို နိုင်ငံတွေကိုယ်တိုင် ဘယ်ဟာကို ဦးစားပေးရှင်းလင်းမလဲဆိုတာကို ရွေးချယ်ပြီးပြီဆိုမှ နိုင်ငံတကာ အကူအညီပေးသူတွေက အဲဒီဦးစားပေး အစီအစဉ်တွေကို အသေအချာ အကောင်အထည်ဖော်နိုင်အောင် အမေရိကန်ပြည်ထောင်စုက ကူညီပေးပါတယ်။"
နိုင်ငံတကာကပေးနေတဲ့ အကူအညီတွေကို လိုအပ်နေတဲ့နိုင်ငံတွေကို ထိထိရောက်ရောက် ပေးနိုင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုက ညှိနှိုင်းဆောင်ရွက်ပေးနေတာနဲ့ပတ်သက်လို့လည်း ခုလို သူက ရှင်းပြခဲ့ပါတယ်။
"ဘယ်နေရာမှာပဲဖြစ်ဖြစ် အိမ်ရှင်နိုင်ငံတွေမှာ မိုင်းရှင်းလင်းရေး စင်တာတွေတည်ထောင်စေပါတယ်။ အလိုအပ်ဆုံးနေရာတွေဆီကို နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီမှုတွေ တကယ်ရောက်နိုင်ဖို့ ဒီလိုလုပ်တာက အထိရောက်ဆုံးဖြစ်ပါတယ်။"
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လက်နက်ရှင်းလင်းရေးနဲ့ လျှော့ချရေးဆိုင်ရာ အစီအစဉ်အကြီးအကဲ Jerry Guilbert ဖြစ်ပါတယ်။ ဧပြီလ ၄ ရက်နေ့က ကျရောက်တဲ့ နိုင်ငံတကာ မြေမြှုပ်မိုင်းဆိုင်ရာ အသိပညာပေးရေးနေ့အထိမ်းအမှတ်နဲ့ နိုင်ငံခြားရေးဌာနက ကမ္ဘာမြေပေါ်မှာ လုံခြုံစွာ လမ်းလျှောက်နိုင်ရေးလို့ အဓိပ္ပါယ်ရမယ့် To Walk the Earth in Safety (2022) ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ အာရှ ပိစိဖိတ်မှာ မြန်မာအပါအဝင် နိုင်ငံ ၇ ခုမှာ အမေရိကန်အကူအညီပေးနေတဲ့ အချက်အလက်တွေကိုလည်း ဖော်ပြထားပါတယ်။ ဖော်ပြချက်တွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်မှာတော့ အမေရိကန်ရဲ့ လက်နက်ရှင်းလင်းရေး အကူအညီတွေ လုံးဝ မရှိခဲ့ပေမယ့် ၂၀၂၀ ခုနှစ်ကတော့ အကူအညီတွေ ပေးခဲ့တာကို တေ့ွရပါတယ်။
အာရှဒေသမှာ လက်နက်ရှင်းလင်းရေးအတွက် အမေရိကန်ရဲ့ အကူအညီအများဆုံး ရရှိတာက လာအိုနိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးက ဗီယက်နမ်နိုင်ငံဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်ကြာအောင် ပြည်တွင်းစစ်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ မြေမြှုပ်မိုင်းအန္တရာယ်ဟာ စိုးရိမ်စရာဖြစ်တယ်ဆိုတာကို မြေမြှုပ်မိုင်း ပပျောက်ရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေကလည်း ထောက်ပြနေပါတယ်။
Your browser doesn’t support HTML5
=============
[[Unicode]]
=============