ဥတုရာသီ ပြောင်းလဲမှုဒဏ်ကြောင့် ဆုံးရှုံးမှု ပြန်ပေးဆပ်ရေး COP 27 မှာဆွေးနွေး

  • ဗွီအိုအေမြန်မာပိုင်း

(Zawgyi / Unicode)

အီဂျစ်နိုင်ငံမှာ ကျင်းပနေတဲ့ ဥတုရာသီ ပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂညီလာခံ COP27 မှာတော့ Loss and Damage လို့သိကြတဲ့ ဥတုရာသီ ပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေ အတွက် ပြန်လည်ပေးဆပ်ရေး ကိစ္စက အဓိက နေရာယူထားပါတယ်။ အီဂျစ်နိုင်ငံ Sharm el-Sheikh မြို့မှာ ကျင်းပနေတဲ့ ညီလာခံအနီးမှာ ဥတုရာသီအရေး တက်ကြွလှုပ်ရှားသူ တဒါဇင်ကျော်တို့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော် ဆန္ဒပြခဲ့ကြတာပါ။

“ ချမ်းသာတဲ့ နိုင်ငံတွေဖက်က ပေးကမ်းစွန့်ကြဲဖို့ ကျမတို့ ပြောနေတာ မဟုတ်ပါဘူး။ ဒါဟာ တရားမျှတမှုရှိရေး၊ တန်းတူညီမျှရေးဆိုတဲ့ ကိစ္စတွေနဲ့ ဆိုင်ပါတယ်" ဥတုရာသီအရေးနဲ့ ကျား မ တန်းတူညီမျှရေး တက်ကြွလှုပ်ရှားသူ အသက် ၂၉ နှစ်အရွယ် Zukiswa White ပြောဆိုသွားတာပါ။

ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်တွေရဲ့ လုပ်ရပ်အများစုကြောင့် ပေါ်ပေါက်လာရတဲ့ ဥတုရာသီ ပြောင်းလဲမှုရဲ့ အကျိုးဆက်ဖြစ်တဲ့ သဘာ၀ ဘေးအန္တရာယ်ကြီးတွေရဲ့ ဒဏ်ကိုတော့ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်တွေကသာ ခါးစည်းရင်ဆိုင်နေကြရတာပါ။ ဒါကြောင့်လည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေဖက်က အဲဒီလို နိုင်ငံတွေအတွက် ဘဏ္ဍာရေး အထောက်အပံ့တွေ တိုးမြှင့်ပေးအပ်ဖို့ အာဖရိက ဥတုရာသီအရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

ညီလာခံ တက်ရောက်လာတဲ့ အာဖရိကတိုက် နိုင်ငံတွေဖက်က ကိုယ်စားလှယ်တွေကလည်း ဥတုရာသီ ပြောင်းလဲမှုကြောင့် ထိခိုက်ပျက်စီးမှုတွေ အရေး အလေးထားတင်ပြကြပါတယ်။
COP27 ဥတုရာသီဆိုင်ရာ ညီလာခံမှာ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးနဲ့ ဥတုရာသီ ပြောင်းလဲမှု အကျိုးဆက်ကို အလူးအလဲ ရင်ဆိုင်နေရတဲ့ ဆင်းရဲနွမ်းပါးတဲ့ တိုင်းပြည်တွေ အတွက် ဘဏ္ဍာရေး အကူအညီတွေ ပိုမိုတိုးမြှင့်ပေးအပ်ရေးလို သဘောထား ကွဲလွဲစေနိုင်တဲ့ ကိစ္စရပ် အတော်များများကို ဆွေးနွေးနေကြတာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဥတုရာသီ ပြောင်းလဲမှုဒဏ်ကြောင့် ဆုံးရှုံးမှု ပြန်ပေးဆပ်ရေး COP 27 မှာဆွေးနွေး

(Unicode)




