စဉ့်ကူးနဲ့ မတ္တရာနယ်ထဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ဒေသခံတချို့ထိခိုက်သေဆုံး

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုပြီးနောက် မန္တလေး ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားတဲ့ ဓါတ်ပုံ။

ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ကြောင်းကြေညာထားတဲ့ စဉ့်ကူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီရဲ့ ၃ ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံတဒါဇင်ကျော် သေဆုံးတယ်လို့ ဒေသခံတွေပြောကြပါတယ်။ မတ္တရာမြို့နယ်ထဲမှာလည်း စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ သုံးဦးထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ စဉ့်ကူးမြို့နဲ့မတ္တရာမြို့နယ်ထဲက လေကြောင်းတိုက်ခိုက်ခံရမှု အခြေအနေ ရန်ကုန်က သတင်းပေးပို့ချက်ကို ဦးတင်မောင်သန်းက တင်ပြပေးထားပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ကြောင်းကြေညာထားတဲ့ စဉ့်ကူးမြို့နယ်ထဲက လက်ပံလှကျေးရွာကို သြဂုတ် ၆ ရက် မနက် ၂ နာရီက စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်လို့ တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။ သြဂုတ် ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာလည်း ကံတောင်ကျေးရွာနဲ့ နွယ်ရုံကျေးရွာတို့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ကလေးငယ်တွေ အပါအဝင် ၁၃ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရှိတယ်လို့ ဒေသခံတွေပြောပါတယ်။ စဉ့်ကူးမြို့နယ်တွင်း ကျေးရွာတွေ ကို စစ်ကောင်စီဘက်က သုံးရက်ဆက်တိုက်လေကြောင်းကနေ တိုက်ခိုက်ခဲ့တာလို့ မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

"စဉ့်ကူးမြို့နယ် လက်ပံလှရွာ မနက် ၂ နာရီ ဝန်းကျင်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဗုံး ၂ လုံး ကြဲချခဲ့ပြီး ပြည်သူတဦး အသက် သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ပြည်သူကိုပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဟာ စစ်တပ် တတပ်အနေနဲ့ ဂုဏ်သိက္ခာကင်းမဲ့တဲ့လုပ်ရပ်ဆိုတာကို ပြောချင်ပါတယ်။"

လက်ပံလှကျေးရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင်တရက်က ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းက ဗုံးကြဲခဲ့လို့ ရဲစခန်းအနီး နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။ စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ အကြမ်းဖက်သမားတွေရဲ့ လက်နက်ကြီး ကျေးရွာတွေအတွင်း ကျရောက်ပေါက်ကွဲ တာကို ဖုံးကွယ်ဖို့အတွက် မဟုတ်မမှန် ရေးသားဖြန့်ဝေနေတာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

စဉ့်ကူးမြို့နယ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ဇူလိုင် ၁၇ ရက်က ရှင်းလင်းပြီး ထိန်းချုပ်ကြောင်းကြေညာခဲ့သလို အဲ့ဒီနောက်ပိုင်း လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်သတိထားကြဖို့ ဒေသခံတွေကို အသိပေးနှိုးဆော်ခဲ့ပါတယ်။ ဒါ့အပြင် စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီကင်းစင်တဲ့ မြို့နယ်အဖြစ်ကြေညာထားပြီး တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ တရုတ်နိုင်ငံသား ၁၅ ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေက နေရပ်ကို ပြန်ပို့ခဲ့ပါတယ်။

စဉ့်ကူးမြို့နဲ့ကပ်လျက်မှာရှိတဲ့ မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းကိုလည်း တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သြဂုတ် ၆ ရက် နေ့လယ်ပိုင်းက မတ္တရာမြို့နယ် အနောက်ဖက်ခြမ်း ရှင်လှကျေးရွာဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"မတ္တရာမှာက အရှေ့ခြမ်း အနောက်ခြမ်းရှိတာပေါ့။ ဒီနေ့လေကြောင်းတိုက်ခိုက်မှု လုပ်သွားတာ အနောက်ခြမ်းလို့ ခေါ်တာပေါ့။ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ သူကအကြောင်းမဲ့ကို လုပ်သွားတာ ရွာကိုလုပ်သွားတာ။ အဲ့ ရှင်လှဆိုတဲ့ရွာ ၂ နာရီ ၅၁၊ ၃ နာရီပတ်ဝန်းကျင်လောက်မှာ တံတားဦးကတက်လာတဲ့ Y12 တစီးက မြစ်အရှေ့ဘက်ကမ်းက မြစ်ကမ်းရိုး တလျှောက်က လေကြောင်းတိုက်ခိုက်မှုလုပ်သွားတာ အဓိက,က ရှင်လှရွာလို့ခေါ်တယ်။ ရှင်လှရွာကို အဓိက တိုက်ခိုက်တယ်။ အထိခိုက်က ပြည်သူ ၃ ဦး ထိတယ်ပေါ့နော်။ စိုးမိုးထားတယ်ဆိုပေမယ့် လေကြောင်းမှာတော့ ကြောက်နေ ရတာပေါ့။ အခုနောက်ပိုင်းမှာ စဉ့်ကူး, မတ္တရာ ၂ ခုစလုံးကို ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေကို တိုက်ပွဲမဖြစ်ဘဲ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုလုပ်နေတာဆိုတော့ ပြည်သူတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုကို စိုးရိမ်နေရတာပေါ့။"

မတ္တရာမြို့နယ်ထဲမှာ စစ်ရေးတင်းမာပြီး တိုက်ပွဲဖြစ်နေတယ်ဆိုပေမယ့် မတ္တရာ အနောက်ခြမ်း ကျေးရွာတွေမှာပဲ တိုက်ပွဲတွေဖြစ်နေပြီး အခုတိုက်ခိုက်ခံရတဲ့ ရှင်လှရွာရှိရာ မတ္တရာအရှေ့ခြမ်းမှာ တိုက်ပွဲဖြစ်တာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်ကလည်း အောင်ချမ်းသာကျေးရွာကို စစ်ကောင်စီတပ်ဘက်က ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ဒေသခံအရပ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။ စဉ့်ကူးနဲ့ မတ္တရာနယ်ကို လေကြောင်းတိုက်ခိုက်တာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

Your browser doesn’t support HTML5

စဉ့်ကူးနဲ့ မတ္တရာနယ်ထဲ စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ ဒေသခံတချို့ထိခိုက်သေဆုံး