သေနတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဝါရှင်တန်ဒီစီမှာကျင်းပ

သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး လွှတ်တော်ရှေ့ ဆန္ဒပြသူများ

အမေရိကန် အစိုးရအနေနဲ့ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ပိုတင်းကြပ်တဲ့ဥပဒေ ပြဌာန်းပေးဖို့အတွက် အမေရိကန်တဝန်းက ကျောင်းသား ၅ သိန်းလောက်ဟာ March for Our Lives ဆိုတဲ့ ဆောင်ပုဒ်နဲ့ ဒီကနေ့ စနေနေ့ ဝါရှင်တန်ဒီစီမှာ ဆန္ဒပြကြပါတယ်။

ဖလော်ရီဒါပြည်နယ် ပါ့ခ်လန်းမြို့က မဂျော်ရီ စတုန်းမန်း ဒေါက်ဂလတ်စ် အထက်တန်းကျောင်းမှာ ကျောင်းသားကျောင်းသူ အများစုပါဝင်တဲ့ လူပေါင်း ၁၇ ဦး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရပြီးတဲ့နောက် အဲဒီကျောင်းက ကျောင်းသား ကျောင်းသူတွေ ဦးဆောင် စီစဉ်ပြီး ဒီကနေ့ ဆန္ဒပြကြတာပါ။ နိုင်ငံအနေနဲ့ လူငယ်တွေရဲ့ ဘဝအတွက် ဦးစားပေးပြီး စဉ်းစားပေးရမယ့် ကိစ္စရပ်ဖြစ်တဲ့အပြင် ကျောင်းတွေမှာ လူအများအပြားသေဆုံးအောင် ဝင်ရောက်ပစ်ခတ်မှုတွေ ဖြစ်ပွါး လာနေတာကို အဆုံးသတ်နိုင်ဖို့အတွက် ကျောင်းသားတွေ အခုလို လာရောက်တောင်းဆို ကြတာလည်း ဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီက ဆန္ဒပြပွဲနဲ့အတူ အမေရိကန်ပြည်ထောင်စုက ပြည်နယ် ၅၀ နဲ့ ကမ္ဘာတဝန်းက မြို့တွေမှာ ဆန္ဒပြပွဲပေါင်း ၈၀၀ ကျော်လောက်အထိ ဆင်နွှဲကြမယ်လို့လည်း ခန့်မှန်းထားပါတယ်။ အခုလို သေနတ်ကိုင်ကိုင်ဆောင်ခွင့် ထိန်းချုပ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေချိန်မှာပဲ ဖွဲ့စည်းပုံဥပဒေအရ လူတိုင်းမှာ သေနတ်ကိုင်ဆောင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ကို ဆုပ်ကိုင်ထားသူတွေလည်း ရှိနေပါတယ်။ ကျောင်းတွေမှာ အပစ်မဲ့ ကျောင်းသူ ကျောင်းသားတွေကို သေနတ်နဲ့ ဝင်ရောက် ပစ်ခတ်သတ်ဖြတ်မှုတွေ တိုးဖြစ်ပွါးလာပေမယ့်လည်း သေနတ်ကိုင်ဆောင်ခွင့်နဲ့ ပတ်သက်ပြီး တင်းကြပ်တဲ့ ဥပဒေတွေ လုံလုံလောက်လောက် ပြဌာန်း ပေးထားတာမျိုး မရှိသေးဘူးဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

AP သတင်းဌာနနဲ့ NORC သုတေသနဌာနတို့ ပူးပေါင်း ကောက်ခံတဲ့ လူထုစစ်တမ်းသစ်မှာတော့ အမေရိကန် ၆၉ ရာခိုင်နှုန်းဟာ ပိုတင်းကြပ်တဲ့ စည်းမျဉ်းဥပဒေ ချမှတ်ပေးဖို့ လိုလားကြတယ်လို့ ဆိုပါတယ်။ ၂၀၁၆ အောက်တိုဘာလတုန်းက ၆၁ ရာခိုင်နှုန်းနဲ့ ၂၀၁၃ အောက်တိုဘာ လတုန်းကတော့ ၅၅ ရာခိုင်နှုန်းကပဲ ဥပဒေတွင် တင်းကြပ်ပေးဖို့ လိုလားခဲ့တာပါ။ ဒီစစ်တမ်းအရ ဒီမိုကရက် ၉၀ ရာခိုင်နှုန်း၊ ရီပတ်ဘလစ်ကန် ၅၀ ရာခိုင်နှုန်းနဲ့ သေနတ် ပိုင်ဆိုင်ထားသူ ၅၄ ရာခိုင်နှုန်းကလည်း သေနတ်နဲ့ပတ်သတ်တဲ့ တင်းကြပ်တဲ့ စည်းမျဉ်း ဥပဒေတွေ ချမှတ်ပေးဖို့ လိုလားတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

March for over lives ရဲ့ အင်တာနက်စာမျက်နှာမှာ ရည်မှန်းထားတဲ့ ရန်ပုံငွေ ဒေါ်လာ ၃.၈ သန်း ရရှိပြီလို့ ဖေါ်ပြထားပါတယ်။ အလှူငွေ ထည့်ဝင်ကြသူတွေထဲမှာ ရုပ်ရှင်မင်းသား George Clooney နဲ့ သူ့ဇနီး Amal Clooney က ၅ သိန်း၊ ရုပ်မြင်သံကြား အစီအစဉ်မှူးတဦးဖြစ်သူ Oprah Winfrey၊ ရုပ်ရှင်ဒါရိုက်တာ Steven Spielberg တို့ကလည်း ၅ သိန်းစီနဲ့ တခြား အနုပညာရှင်တွေကလည်း ငွေအမြောက်အများ လှူဒါန်းခဲ့ပါတယ်။

Your browser doesn’t support HTML5

သေနပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဝါရှင်တန်ဒီစီမှာကျင်းပ