အိုမန် ပင်လယ်ကွေ့မှာ ရေနံတင် သဘောၤနှစ်စင်း တိုက်ခိုက်ခံရမှုအတွက် အီရန်ကို ဗြိတိန်ဘက်က အပြစ်တင်လိုက်ပြီးနောက်မှာတော့ အီရန်ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီးကို စနေနေ့မှာ အီရန် အစိုးရက ဆင့်ခေါ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင် ISNA သတင်းအေဂျင်စီက ဖော်ပြပါတယ်။
အီရန် နိုင်ငံခြားရေး ဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှု အတွင်းမှာတော့ အိုမန် ပင်လယ်ကွေ့ တိုက်ခိုက်ခံရမှု အရေးနဲ့ ပတ်သက်ပြီး ဗြိတိန်ရဲ့ လုပ်ရပ်က လက်ခံနိုင်စရာ မရှိဘူးဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြောင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန်ရဲ့ စွပ်စွဲချက်ကို တခြား ဘယ်နိုင်ငံကမှ မထောက်ခံဘဲ ဗြိတိန်က ထောက်ခံခဲ့တယ်လို့ ISNA က သတင်းထုတ်ပါတယ်။
ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီး Jeremy Hunt က ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာချက် ထုတ်တာမှာတော့ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အီရန်နဲ့ သူ့ရဲ့ အစ္စလာမ္မစ် တော်လှန်ရေး ပြည်စောင့်တပ်ဖွဲ့တွေ အပေါ် အပြစ်ဖို့ထားပြီး တခြား အစိုးရတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ တိုက်ခိုက်မှု နောက်ကွယ်က မရှိနိုင်ဘူးလို့လည်း ဖော်ပြခဲ့တာပါ။
အီရန်ဘက်ကတော့ တိုက်ခိုက်မှုနဲ့ မသက်ဆိုင်ဘူးလို့ ငြင်းဆိုနေတာ ဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ တိုက်ခိုက်ခံခဲ့ရတဲ့ နော်ဝေပိုင် ရေနံတင်သဘောၤက ဝန်ထမ်းတွေကတော့ အီရန်မှာ ၂ ရက်ကြာ နေထိုင်ခဲ့ရပြီးနောက် စနေနေ့မှာ ဒူဘိုင်းကို ရောက်ရှိလာကြောင်း AP သတင်းက ဖော်ပြပါတယ်။
Your browser doesn’t support HTML5