အစ္စရေးကိုတိုက်ခိုက်မယ့်ခြိမ်းခြောက်မှု ရှိနေဆဲလို့ ကန်ယူဆ 

ပန်တဂွန်စစ်ဌာနချုပ်ပြောခွင့်ရ ဗိုလ်မှူးချုပ် Pat Ryder

အစ္စရေးလ်ကို အီရန်နဲ့သူ့အစွယ်အပွားတွေ တိုက်ခိုက်လာနိုင်ခြေရှိနေသေးတယ်လို့ ယုံကြည်ရကြောင်း အမေရိကန်က တနင်္လာနေ့မှာပြောပါတယ်။

ဟက်ဇ်ဘိုလာ အကြီးတန်းတပ်မှူးတဦးကို အစ္စရေးဘက်က လုပ်ကြံသတ်ဖြတ်တဲ့အပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ရက်မှာပဲ အစ္စရေးလ်ပိုက်နက်ထဲကို ထောင်နဲ့ချီတဲ့ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်ဘနွန်နိုင်ငံအတွင်းက ဟက်ဇ်ဘိုလာအုပ်စုတွေတိုက်ခိုက်ခဲ့ပြီးတဲ့နောက် အမေရိကန်ရဲ့ ပြောဆိုချက်ထွက်လာတာပါ။ အီရန်ခေါင်းဆောင်တွေနဲ့ အခြားလူပုဂ္ဂိုလ်တို့ရဲ့ လူသိရှင်ကြားပြောဆိုချက်တချို့အရ အဲဒီလို တိုက်ခိုက်မယ့် ခြိမ်းခြောက်မှုတွေကို အမေရိကန်က စောင့်ကြည့်နေပြီး အဲဒီလိုတိုက်ခိုက်လာမယ်ဆိုရင် အစ္စရေးလ်ကိုရော အမေရိကန်တပ်ဖွဲ့တွေကိုပါ ကာကွယ်သွားမယ်လို့ ပင်တဂွန်ပြောခွင့်ရ ဗိုလ်မှူးချုပ် Pat Ryder က သတင်းထောက်တွေကိုပြောပါတယ်။

တချိန်တည်းမှာပဲ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi ကလည်း ပြီးခဲ့တဲ့လကတီဟီရန်မြို့မှာ ဟာမတ်စ် နိုင်ငံရေးခေါင်းဆောင်ကိုသတ်ဖြတ်ခဲ့တဲ့လုပ်ရပ်အတွက် မလွဲမသွေ လက်တုံ့ပြန်သွားမယ်လို့ အီတလီ နိုင်ငံခြားရေးဝန်ကြီးကို ပြောခဲ့ပါတယ်။အီတလီနိုင်ငံခြားရေးဝန်ကြီး အန်တိုနီယို တာယာနီနဲ့ ဖုန်းဆက်ပြောဆိုမှုနဲ့ ပတ်သက်လို့ အီရန်နိုင်ငံခြားရေးဌာနရဲ့ တနင်္လာနေ့ထုတ်ပြန်ချက်မှာတော့ အီရန်ဘက်က တင်းမာမှုတွေ တိုးလာတာမျိုးမလိုလားပေမယ့် ဖြစ်လာရင်လည်းနောက်မတွန့်ဘူးလို့ ပြောဆိုခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဟာမတ်စ်ခေါင်းဆောင် Ismail Haniyeh လုပ်ကြံခံရတဲ့ဖြစ်ရပ်အတွက် အစ္စရေးလ်ကို အီရန်တို့က ပြစ်တင်ပြောဆိုထားတာပါ။ အစ္စရေးလ်ဘက်ကလည်း အဲဒီလုပ်ကြံသတ်ဖြတ်မှုနဲ့ပတ်သက်လို့ ဝန်ခံတာမရှိသလို ငြင်းဆန်တာမျိုးလည်းမရှိပါဘူး။

Your browser doesn’t support HTML5

အစ္စရေးကိုတိုက်ခိုက်မယ့်ခြိမ်းခြောက်မှု ရှိနေဆဲလို့ ကန်ယူဆ