ကချင်ပြည်နယ်တွင်း စစ်ဖက်ဆိုင်ရာ ပစ်မှတ်တချို့ တိုက်ခိုက်ခံရ

Google Map မြေပုံက မြင်ရတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာမှာရှိတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို ကချင် လွတ်မြောက်ရေးတပ် KIA က ဒီကနေ့ မနက်အစောပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့သလို မိုးမောက်မြို့နယ်၊ အောင်ဂျာတပ်စခန်း ဘက်မှာလည်း တိုက်ခိုက် ပစ်ခတ်တာတွေ ရှိတယ်လို့ KIA ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ မြစ်ကြီးနားအခြေစိုက် လေတပ်စခန်းကိုလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မနေ့က ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တာကြောင့် လေယာဉ် ၂ စီး ပျက်စီးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပြီး KIA ကတော့ တရားဝင် သတင်းမရသေးကြောင်း ပြောပါတယ်။ ကချင်ပြည်နယ်က အခြေအနေကို ကိုစံကျော် က တင်ပြထားပါတယ်။

စစ်ရေးတင်းမာမှုတွေ မြင့်တက်နေတဲ့ ကချင်ပြည်နယ်အတွင်းမှာ ဒီကနေ့ မနက် ၄ နာရီ အချိန်လောက်က ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ အခြေစိုက် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။ စရဖ ရုံးကို တိုက်တဲ့ တပြိုင်တည်းမှာ ရဲစခန်းကိုပါ တိုက်ခိုက်ခဲ့ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားချိန် တနာရီခန့် ကြာမြင့်ကြောင်း ဒေသတွင်း သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗွီအိုအေကို အခုလို ပြောပါတယ်။

“စရဖ ရုံးတရုံးကို ဝင်တိုက်တယ်ဆိုတာတော့ ကြားပါတယ်။ ဒါပေမဲ့ အခြေအနေ အသေးစိတ်ကိုတော့ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်။”

ဆိုင်းတောင် စရဖ ရုံးနဲ့ ရဲစခန်း တိုက်ခိုက်တဲ့သတင်း ကြားသိရပေမဲ့ အထိအခိုက် အခြေအနေကိုတော့ အသေးစိတ် မသိရကြောင်း ဒေသခံတွေကလည်း ပြောဆိုကြပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာပဲ မိုးမောက်မြို့နယ်၊ အောင်ဂျာ တပ်စခန်းဘက်မှာလည်း စစ်ကောင်စီနဲ့ KIA အကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိတဲ့အကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အောင်ဂျာတပ် စခန်းဘက်မှာကတော့ KIA ဘက်က လက်နက်ကြီးနဲ့ပစ်တယ်။ နောက်.. ဒရုန်းနဲ့ ပစ်တယ်။ သူတို့ဘက်ကနေ လက်နက်ကြီးနဲ့ ပြန်ပစ်တာ။ အပြန်အလှန်ပေါ့။ လက်နက်ကြီးနဲ့။ လက်နက်ကြီးဆိုတာ ဝမ်းတွမ်တီးတို့၊ အိတ်တီဝမ်းတို့ အိတ်တီတူးတို့ပေ့ါ။ အဲဒါနဲ့ လှမ်းပစ်ကြတာ ရှိပါတယ်။ ဒီမနက်ပဲ ဒီမနက်။ အောင်ဂျာဘက်မှာကတော့ ဗန်းမော်ဘက်ကနေ တက်လာတဲ့ စစ်ကူတွေ အခု ၂ လ၊ ၃ လ ရှိပြီ။ သူတို့က အောင်ဂျာတပ်စခန်းဘက်မှာ ဝင်လို့ မရတာ။ ဆိုတော့ အဲဒီဘက်မှာ တိုက်ပွဲကတော့ ခဏခဏဖြစ်တာပေါ့။”

ဒီလ ၂၂ ရက်နေ့ကလည်း ဆွမ်ပရာဘွမ်မြို့နယ် ဒရူခ စခန်းဘက်ကို စစ်ကူတက်လာတဲ့ စစ်ကား ၂ စီးကို KIA ဘက်က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ မနေ့ တနင်္ဂနွေနေ့ မနက် ၇ နာရီခွဲလောက်မှာတော့ မြစ်ကြီးနားမြို့မှာရှိတဲ့ လေတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NBPDF) အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံး၂ လုံး၊ ၉၀ မမ ၂ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းနဲ့ ဒီတိုက်ခိုက်မှုမှာ F 7 စစ်လေယာဉ် ၂ စီးနဲ့ ဆက်သွယ်ရေးမျှော်စင် ထိခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ဒီရှော့တိုက်ဗုံးနဲ့ လာကြဲတယ် ဆိုတာကတော့ မှန်ကန်လောက်ပါတယ်။ အဲ့ဒီဖြစ်စဉ်မှာပေါ့။ အဲဒီအချိန်မှာ မြစ်ကြီးနားက ပြည်သူတဦးကတော့ ကျနော်တို့ဆီမှာ ဖုန်းလှမ်းဆက်တယ်။ အဲဒီအချိန်မှာ လေတပ်စခန်းမှာ အသံအရမ်းကျယ်တဲ့ ၃ ခါလောက် ပေါက်ကွဲသံ ကြားရတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘယ်လိုဖြစ်တယ် ဆိုတာကတော့ ကျနော်လည်း သွားကြည့်ဖို့ အဆင်မပြေဘူးလို့ အကြောင်း ကြားလာတာ ရှိတယ်။ သိပ်မကြာခင် အချိန်မှာ ဆိုရှယ်မီဒီယာ တော်တော်များများ သတင်းတွေ တက်တယ်ဆိုတော့ ဗုံးလာကြဲတာကတော့ ဟုတ်လောက်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ဘက်က တရားဝင် သတင်းတွေကတော့ အခုထက်ထိ ကျနော်တို့ဆီမှာ သတင်းပို့လာတာကတော့ မရှိဘူး။”

ဒီသတင်းနဲ့ပတ်သက်ပြီး မြစ်ကြီးနား ဒေသခံတဦးကို မေးမြန်းရာမှာတော့

“ကျနော့် ရပ်ကွက်မဟုတ်တဲ့ အတွက်ကြောင့် ကျနော် ဘာမှ မကြားလိုက်ဘူး။ လေတပ်ကျတော့ မော်ဖောင်းအပိုင်း ဖြစ်သွားပြီ။ မော်ဖောင်းကျေးရွာ အပိုင်ဖြစ်သွားတာ။”

ဆွမ်ပရာဘွမ် မြို့နယ် ဒရူခ စခန်းကိုတော့ KIA က ဒီလ ၂၀ ရက်နေ့တုန်းက တိုက်ခိုက် သိမ်းယူခဲ့ပါတယ်။ ၂၂ ရက်နေ့မှာတော့ ဒရူခ စခန်းဘက်ကို စစ်ကူတက်လာတဲ့ စစ်ကား ၂ စီးကိုလည်း KIA ဘက်က မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာရှိတဲ့ KIA ဌာနချုပ် လိုင်ဇာအနီးမှာ ဇူလိုင်လဆန်းက စတင်ပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်လာခဲ့ရာက ကချင်ပြည်နယ် နေရာအတော်များများမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်လာနေတာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကချင်ပြည်နယ်တွင်း စစ်ဖက်ဆိုင်ရာ ပစ်မှတ်တချို့ တိုက်ခိုက်ခံရ