မြန်မာနိုင်ငံတွင်း ဒုက္ခသည် ၂ သန်းနီးပါး အကူအညီတွေ လိုအပ်နေ (UNOCHA)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ဒေသခံများ (သြဂုတ် ၉၊ ၂၀၂၃)

နိုင်ငံရေးအကျပ်အတည်းတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနိုင်ငံမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာကြရသူတွေ အပါအဝင် ပြည်တွင်းဒုက္ခသည် ၂ သန်းနီးပါး ရှိနေပြီး၊ စာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကုလသမဂ္ဂက ဒီကနေ့ပဲ သတိပေးလိုက်ပါတယ်။ ပဋိပက္ခတွေနဲ့ မိုးသည်းထန်ရေကြီးမှုတွေကြောင့် နေရပ်စွန့်ခွာရမှုတွေ၊ အရပ်သားသေကြေထိခိုက်မှုတွေ၊ အိုးအိမ်ပျက်စီးမှုတွေ ကြုံနေရပြီး စာနာမှုအကူအညီ လိုအပ်ချက်တွေ ပိုမိုကြီးထွားလာနေတယ်လို့လည်း ကုသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးမှူးရုံး (UNOHA) ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

နေရာသစ်တွေကို ပြောင်းရွှေ့ နေထိုင်ကြရတဲ့ ဒုက္ခသည်တွေဟာ ဖောက်ခွဲရေးပစ္စည်းတွေရဲ့ အန္တရာယ်နဲ့ ပိုမိုရင်ဆိုင်လာနေကြရပြီး၊ နေပြည်တော်ကလွဲလို့ ကျန်ဒေသတွေ အားလုံးမှာ မိုင်းဗုံးကြောင့် သေကြေထိခိုက်မှုတွေ တိုးလာနေတာ တွေရတယ်လို့လည်း ပြောပါတယ်။ ၂၀၂၁ ခုနှစ်က အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း အိမ်နီးချင်းနိုင်ငံတွေကို တိမ်းရှောင်ရသူ ၆၃၀၀၀ ကျော် ရှိနေတာပါ။

ပြည်တွင်းဒုက္ခသည် စခန်းတွေကိုပိတ်ပြီး နေရပ်ပြန်ခိုင်းနေတဲ့ စစ်ကောင်စီရဲ့ အစီအစဉ်ဟာ လက်ရှိလုံခြုံရေးအခြေအနေအရ အချိန်မတန်သေးသလို၊ ဒုက္ခသည်တွေ ဆန္ဒမပါတာကြောင့် စာနာမှုအကူအညီပေးရေး အဖွဲ့အစည်းတွေ စိုးရိမ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဆိုရင်လည်း ဒုက္ခသည်အိမ်ထောင်စု ၅၀၀ အနက် ၁၀၀ လောက်ကို နေရပ်ပြန်ဖို့ စီစဉ်ထားပြီး၊ ကျန်တဲ့သူတွေလည်း မိုးရာသီအကုန်မှာ နေရပ်ပြန်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ကို ဝင်ရောက်ခဲ့တဲ့ မိုခါဆိုင်ကလုန်းအတွက် အကူအညီပေးဖို့ ဒေါ်လာ ၈၈၇ သန်း လျာထားပေမဲ့လည်း ၂၈ ရာခိုင်နှုန်းသာ ရရှိထားတာကြောင့် လုံလောက်မှု မရှိဘူးလို့လည်း UNOCHA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံတွင်း ဒုက္ခသည် ၂ သန်းနီးပါး အကူအညီတွေ လိုအပ်နေ (UNOCHA)