ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အနောက်ဖက် စက်တော်ရာတောင်ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့က တနေကုန် တိုက်ပွဲပြင်းထန်ခဲ့သလို ဒီနေ့ မနက်ပိုင်းအထိ နှစ်ဖက်အပြန်အလှန်ပစ်ခတ်သံတွေ ထပ်ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးဗြဲနယ်က တိုက်ပွဲသတင်းပေးပို့ချက်ကို အလိမ္မာ ဆက်ပြီးပြောပြပါမယ်။
မိုးဗြဲမြို့ အနောက်ဖက် စက်တော်ရာတောင်ပေါ်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကျယ်ကျယ်လောင်လောင် တစ်နေ့လုံးနီးပါး ကြားနေရတဲ့ အကြောင်း ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။
“မနေ့က တိုက်ပွဲဖြစ်တာ ဒီစက်တော်တောင်ပေါ်ဖက်ပါဗျ မိုးဗြဲမြို့အနောက်ဖက်ပေ့ါနော်၊ အနောက်ဖက် တောင်ကုန်းပေါ်မှာတပ်စွဲတာက ကြာပြီးပေါ့ အဲ့မှာတိုက်ပွဲဖြစ်တာပေါ့။ မနေ့ညက အဲ့လိုမျိုးပြောရမယ်ဆိုတော့ ဒီတစ်ရက်လုံးနီးပါးလောက်ဖြစ်မယ် ထင်တယ် ဒီ ၈နာရီ ၉ နာရီကနေ စပေါ့ ညနေမိုးချုပ်အထိတောင်မှ ဒီလက်နက်ငယ်သံ လက်နက်ကြီးသံတွေ ကြားနေရတယ်ပေါ့နော်။”
ဒီနေ့ မနက်အစောပိုင်းမှာလည်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်သံတွေ ကြားရတယ်လို့ ဆိုပါတယ်။
“ဒီအစောပိုင်းလောက်တော့ ကြားသေးတယ်၊ ဒီလက်နက်ငယ်ရော လက်နက်ကြီးရော ကြားသေးတယ်၊ အခုကျတော့ လောလောဆယ်တော့ မကြားတော့ရသေးဘူး။ လက်နက်ငယ်တော့ အပြန်အလှန်ပစ်ခတ်တဲ့ ပုံပါဗျ ကျနော်တို့ နားထောင်ရတာပေ့ါနော်၊ အဲ့နားက စစ်ဇုန်လိုမျိုး ဖြစ်တာပေါ့နော် စစ်ဇုန်လည်း ဖြစ်တော့ အဲ့မှာကျတော့ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်ပေါ့နော်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်တဲ့ ပုံစံပေါ့ ဒီမနက်ကြားရတာ ပြီမှ လက်နက်ကြီးကျတော့ စစ်ကောင်စီက ပစ်တဲ့လက်နက်ကြီးတွေပေါ့။”
စစ်ကောင်စီတပ်ဖက်က သူတို့ အခြေစိုက်ရာ တပ်စခန်းတွေကနေ လက်နက်ကြီးတွေ အလွန်အကျွံ အသုံးပြုပြီး တောက်လျှောက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာတဝိုက်မှာ ဒေသခံပြည်သူတွေဟာ အရင်တည်းက အိုးအိမ်စွန့်ခွာ တိမ်းရှောင်ထားကြတာကြောင့် ဒေသခံ အထိအခိုက်မရှိဘူးလို့ ကယ်ဆယ်ရေး ပရဟိတလုပ်နေသူတစ်ဦးက ပြောပါတယ်။
“လက်နက်ကြီးတော့ အဆိုးဝါးကြီးတော့ မသိဘူးဗျ ဒီဖက်လာတာရှိတယ် နောက် ဖယ်ခုံဖက်လာတာရှိတယ် မိုးဗြဲ ၄၂၂ တပ်ကနေ လာတာရှိတယ်ဗျ အဲ့ဒါပဲဗျဟုတ်။ ဒေသခံအဲ့အနားတဝိုက်တော့ မရှိဘူးဗျ ကျနော်တို့က နဂိုတည်း သိတယ်၊ တိုက်ပွဲဖြစ်ထားတဲ့အတွက် ဒေသခံတွေလည်း ရှောင်ထားတဲ့အတွက် ဒေသခံအထိအခိုက်မရှိဘူးဗျ။”
လတ်တလောမိုးဗြဲ တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဖက်ကတော့ တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF) လွိုင်ကော် PDF နဲ့ KNDF B-03 တို့ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား မနေ့က မနက် ၉ နာရီကနေ ညနေ ၄နာရီခွဲအထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က မနေ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ မိုးဗြဲမြို့ဖက်ကို တင့်ကား တစီးအပါအဝင် အင်အားများများနဲ့ စစ်အင်အားဖြည့်တင်းလျက်ရှိတယ်လို့လည်း ပြောဆိုထားပါတယ်။
Your browser doesn’t support HTML5