အီရတ်နိုင်ငံ၊ Mosul မြို့ကို IS အစ္စလာမ်မစ် စစ်သွေးကြွတွေ လက်ထဲကနေ ပြန်လည် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း အီရတ် ဝန်ကြီးချုပ်က ကြေညာအပြီး နောက်တနေ့မှာ ဗိုလ်မှူး Pat Work ဦးဆောင်ပြီး အဖွဲ့ဝင် တဒါဇင်လောက်ပါတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တွေ တံဆိပ်မထားတဲ့ ကျည်ကာ ကား ၂ စင်းနဲ့ Mosul မြို့ အနောက်ဖက်ပိုင်းကို ရောက်သွားပြီး အရေးအကြီးဆုံး ကိစ္စရပ်တခုဖြစ်တဲ့ အချင်းချင်း ပြန်မပစ်မိစေရေးအတွက် အီရတ်တပ်ဖွဲ့တွေကို သတိပေး ပြောကြားခဲ့ပါတယ်။
Mosul မြို့အတွင်းမှာ ကျန်နေသေးတဲ့ IS အဖွဲ့ဝင်တချို့ကို မောင်းထုတ်နိုင်ရေး စစ်ဆင်ရေး မစခင် ဗိုလ်မှူး Pat Work ဟာ အီရတ် ဗိုလ်ချုပ်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အီရတ် အထူးတပ်ဖွဲ့ဝင်တွေနဲ့ စနေနေ့ မနက်ပိုင်းက မျက်နှာချင်းဆိုင် အရေးပေါ် စည်းဝေးပွဲ ကျင်းပခဲ့ပါတယ်။
စစ်ဆင်ရေးတွေအတွင်း အမေရိကန်တပ်ဖွဲ့တွေဟာ ပိုမို အရေးပါတဲ့ အခန်းကဏ္ဍကနေ တဖြည်းဖြည်း တိုးမြင့် ပါဝင်လာနေတာပါ။ အမေရိကန် တပ်မှူးတွေဟာ အရင်ကတော့ အခိုင်အမာ ကာရံထားတဲ့ အီရတ် ခံတပ်အတွင်းမှာသာ နေခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ နောက်လိုက် စစ်သားတချို့နဲ့အတူ Mosul မြို့ပတ်လည်နဲ့ မြို့အတွင်းကို ဝင်ထွက် သွားလာနေပြီး ထောက်လှမ်းရေး သတင်းအချက်အလက်တွေ ဖလှယ်တာ၊ ထိုးစစ်အတွက် အကြံညာဏ်ပေးတာတွေ ပြုလုပ်နေပါတယ်။ အဲဒီလုပ် လုပ်ဆောင်မှုတွေကို ကြည့်ခြင်းအားဖြင့် အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ Mosul ကို ပြန်လည် သိမ်းပိုက်နိုင်ရေး ထိုးစစ်တွေမှာ အမေရိကန်တို့က ထဲထဲဝင်ဝင် ပါဝင်လာနေတယ်ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။
အီရတ် လုံခြုံရေးအဖွဲ့ ၃ ဖွဲ့စလုံးက လက်တွဲပြီး ညီညီညွတ်ညွတ်နဲ့ တိုက်ခိုက်နိုင်တာကြောင့် Mosul မြို့ကို လုံး၀ ပြန်လည် သိမ်းပိုက်နိုင်ဖို့လည်း တဖြည်းဖြည်း နီးစပ်လာနေပြီ ဖြစ်ပါတယ်။
Your browser doesn’t support HTML5