ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ကို စတင်ပြဌာန်းချိန်ကစလို့ ဒီကနေ့ထိဆိုရင် ဒီပုဒ်မနဲ့ တရားစွဲဆိုတဲ့ အမှုပေါင်း ၂၀၀ ရှိသွားပြီ ဖြစ်ပါတယ်။ ဒီဥပဒေကို ပြန်လည် သုံးသပ်သင့်တယ်ဆိုတဲ့ အမြင်မျိုး ရှိကြသလို ပုဒ်မ ၆၆ (ဃ) ကို လုံးဝဖျက်သိမ်းဖို့ တောင်းဆို ထားတာလည်းရှိပါတယ။် ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
ဆက်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ဆက်သွယ်ရေးစနစ်ကို ထိန်းသိမ်းကြီးကြပ်ဖို့ ၂၀၁၃ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဆက်သွယ်ရေး ဥပဒေထဲက ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုတဲ့အမှုအပေါ် ၂၀၀ အထိရှိပြီး လူပေါင်း ၂၄၆ ဦး တရားစွဲဆိုခံခဲ့ရတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အဖွဲ့ အသံက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ ၆၆(ဃ) နဲ့ တရားစွဲဆိုမှု ၁၁ မှုရှိခဲ့ပြီး လက်ရှိအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာတော့ တရားစွဲဆိုမှုပေါင်း ၁၈၀ ကျော်ထိ ရှိထားပါတယ်။
အခုလို ၆၆ (ဃ) ကိုသုံးပြီး တရားစွဲဆိုတာ များလာတဲ့အပေါ် အသံအဖွဲ့က သုသေတနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က အခုလို ပြောပါတယ်။
"အရင်အစိုးရ လက်ထက်မှာ ၁၁ မှု ဖြစ်ခဲ့တယ်။ နောက်အစိုးရတွေကလည်း သူတို့ကို ဝေဖန်တဲ့အခါမှာ ဒါနဲ့စွဲလို့ ရတယ်ဆိုပြီး ဒါနဲ့ထပ်စွဲလာတယ်။ အဲ့အခါမှာ စစ်တပ်ကလည်း သူတို့ကို အွန်လိုင်းကနေ ပြောရင်တော့ ဒါနဲ့စွဲလို့ ရပါလားဆိုပြီးတော့ ဒီဥစ္စာနဲ့ ဆက်စွဲလာတယ်။ အဲ့အခါမှာ အမှုတွေက တဖြည်းဖြည်းနဲ့ မြင့်တက်လာတယ်။ မြင့်တက်လာပြီးတော့ အထူးသဖြင့် အဲ့လို အမှုတွေ အကုန်လုံးက တော်တော်များများ ၉၀ ရာခိုင်နှုန်းလောက်က ၆၆(ဃ) ဆိုတဲ့ ဆက်သွယ်ရေး ဥပဒေမှာပါတဲ့ အသရေဖျက်မှု ဆိုတာနဲ့ စွဲကြတာများတယ်။ အဲ့ဒါကြောင့်မို့ ၆၆(ဃ) ဆိုတဲ့ပုဒ်မကို ဖျက်သိမ်းဖို့ လုံးဝကို တောင်းဆိုခဲ့တယ်။"
တရားစွဲဆိုတဲ့အမှုတွေထဲမှာ နိုင်ငံရေး ဝေဖန်ရေးသားလို့ တရားစွဲဆိုခံရမှုက ၂၈ ရာခိုင်နှုန်း၊ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေကို ဝေဖန်လို့ တရားစွဲတာ ၂၀ ရာခိုင်နှုန်းနဲ့ သတင်းရေးသား ဖော်ပြတဲ့အတွက် တရားစွဲဆိုခံရတာ ၁၁ ရာခိုင်နှုန်းအထိ ရှိပါတယ်။
ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် ၆၆(ဃ) ဟာ ဥပဒေရဲ့ မူလရည်ရွယ်ရွယ်ချက် ပျောက်ဆုံးနေပြီး ဝေဖန်တာတွေအပေါ် တရား စွဲဆိုဖို့ အသုံးချခံဖြစ်နေတဲ့အတွက် ပြန်လည် သုံးသပ်သင့်တယ်လို့ မြန်မာ သတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က ပြောပါတယ်။
"အာဏာတို့ ပါဝါတို့ရှိတဲ့ သူတွေအတွက် ဝေဖန်တာကို နှုတ်ဆိတ်စေအောင်လုပ်တဲ့ ဥပဒေမျိုးအဖြစ်လည်း အသုံးချခံနေရတော့ ဥပဒေရဲ့အားနည်းချက် ဖြစ်သင့်တာတော့ ပြင်ဆင်တဲ့နေရာ လုံလုံလောက်လောက် မရှိတဲ့အတွက် တကယ်တော့ ပြန်သုံးသပ်သင့်တယ်။"
ဆက်သွယ်ရေးဥပဒေကို ၂၀၁၇ ခုနှစ်က ပြင်ဆင်ခဲ့ပြီး ဒီ ၆၆ (ဃ)ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပေမယ့် ကြားလူက တရားစွဲဆိုတာနဲ့ ပြစ်ဒဏ်ကို လျှော့ချပေးတဲ့ ပြင်ဆင်မှုတွေလောက်ပဲ လုပ်နိုင်ခဲ့ပါတယ်။ တိုင်းနဲ့ပြည်နယ်တွေကြားမှာ ရန်ကုန်တိုင်းက တရားစွဲဆိုမှု အများဆုံးဖြစ်ပြီး ချင်းပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးတို့မှာ တရားစွဲဆိုမှု ရှိမထားသေးပါဘူး။
ဒါ့အပြင် အမှုပေါင်း ၂၀၀ ထဲမှာ အစိုးရကို ဝေဖန်လို့ တရားစွဲဆိုတဲ့ အမှုပေါင်းက ၄၇ မှုရှိပြီး ဒါဟာ တရားစွဲဆိုမှု စုစုပေါင်းရဲ့ ၄ ပုံ တပုံရှိပါတယ်။ တပ်မတော်က တရားစွဲဆိုမှုပေါင်း ၂၁ မှုရှိပြီး သတင်းမီဒီယာသမား ၈ ဦးနဲ့ တက်ကြွလှုပ်ရှားသူ ၁၂ ဦးအထိ တရားစွဲဆိုခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ တပ်မတော်က ၆၆ (ဃ)နဲ့ တရားစွဲဆိုထားသူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေဟာ အချုပ်နဲ့ အမှုရင်ဆိုင်နေရပါတယ်။
ပုဒ်မ ၆၆ (ဃ) ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားခွင့်တွေအပေါ် အဟန့်အတားဖြစ်စေတဲ့ ပုဒ်မဖြစ်စေတယ်ဆိုပြီး ဖျက်သိမ်းပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5