မြန်မာစစ်ကောင်စီကို ကိုဖိတ်ကြားမယ့် အာဆီယံအစည်းအဝေး အင်ဒိုနီးရှား လူမှုအဖွဲ့အစည်းတွေ ကန့်ကွက်

မှတ်တမ်းဓါတ်ပုံ ဖေဖော်ဝါရီ ၅ ရက်နေ့တုန်းက ဂျာကာတာ မြန်မာသံရုံးရှေ့ ဆန္ဒပြစဉ်

(Zawgyi/Unicode)

မြန်မာ့အရေး အာဆီယံထိပ်သီးဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အင်ဒိုနီးရှားနိုင်ငံမှာ လူထုအခြေပြုအဖွဲ့အစည်းတွေက သူတို့အစိုးရကို ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါတယ်။

Indonesian Commission for Missing Persons and Victims of Violence အဖွဲ့ရဲ့ ပြောခွင့်ရ Fatia Maulidiyanti

မြန်မာစစ်ကောင်စီကို နေရာပေးကျင်းပဖို့ ပြင်ဆင်နေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက် အိမ်ရှင်အဖြစ် အင်ဒိုနီးရှားအစိုးရက လက်ခံကျင်းပတာဟာ ရှက်စရာကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ Indonesian Commission for Missing Persons and Victims of Violence အဖွဲ့ရဲ့ ပြောခွင့်ရ Fatia Maulidiyanti ကဗွီအိုအေ အင်ဒိုနီးရှားဌာနကို ဗုဒ္ဓဟူးနေ့က အခုလိုပြောကြားခဲ့ပါတယ်။

" မြန်မာစစ်ကောင်စီအတွက် ပြင်ဆင်ပံ့ပိုးပေးထားသလိုဖြစ်နေတာကြောင့် အင်ဒိုနီးရှားအစိုးရ အတွက်ရှက်စရာကောင်းတဲ့အချက်ပါ။ ဒီကနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ စစ်တပ် သိမ်းပိုက်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်အာဏာသိမ်းမှုတွေကို တကမ္ဘာလုံးက ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချနေချိန်ဖြစ်ပါတယ်။”

အင်ဒိုနီးရှားအစိုးရဟာ ၂၀၁၅ခုနှစ်တုန်းကလည်း အလားတူဖြစ်ရပ်မျိုး လုပ်ဆောင်ခဲ့ကြောင်းလည်း Maulidiyanti ကပြောဆိုခဲ့ပါတယ်။

အဲဒီအချိန်က OIC အစ္စလာမ့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပချိန်မှာ စစ်အာဏာသိမ်းပြီး လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတဲ့ ဆူဒန်သမ္မတ Omar al-Bashir ကို အစည်းအဝေးကို အင်ဒိုနီးရှား အစိုးရ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

AI ခေါ်နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အင်ဒိုနီးရှားဌာနခွဲ ညွှန်ကြားရေးမှူး Usman Hamid ကလည်း မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို သေကြေတဲ့အထိ အင်အားသုံးဖြိုခွဲမှုတွေကို ရပ်တန့်ဖို့ အခုလို တောင်းဆိုသွားပါတယ်။

“ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှု လုပ်ရပ်အားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ ဒါအပြင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ အားလုံးကိုလွှတ်ပေးဖို့နဲ့ ဆန္ဒပြသူတွေကို သေစေလောက်တဲ့အင်အား အသုံးပြုမှုကိုရပ်တန့်ဖို့ကျနော်တို့ တောင်းဆိုပါတယ်။”

မကြာသေးခင်ရက်ပိုင်းတွေအတွင်းကလည်း မြို့တော် ဂျာကာဒါမှာ မြန်မာစစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဧပြီလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကိုတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သေချာပေါက် တက်ရောက်မယ်လို့ စစ်ကောင်စီပြောခွင့်ရက ဗုဒ္ဓဟူးနေ့က သတင်းဌာနတွေကို အတည်ပြုပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

မြန်မာစစ်ကောင်စီကို ကိုဖိတ်ကြားမယ့် အာဆီယံအစည်းအဝေး အင်ဒိုနီးရှား လူမှုအဖွဲ့အစည်းတွေ ကန့်ကွက်


.............


(Unicode)







