(Zawgyi/Unicode)
ပြည်တွင်းဘဏ်တွေကနေ ပိုက်ဆံ ထုတ်နိုင်တဲ့ပမာဏ အကန့်သတ် ဖြစ်လာတာကြောင့် ငွေလုံးငွေရင်းသုံးစွဲရတဲ့ စီးပွားရေး လုပ်ငန်းတွေ အခက်အခဲဖြစ်နေပါတယ်။ ဒါက ဘဏ်အကျပ်အတည်းနဲ့ ငွေကြေးလည်ပတ် စီးဆင်းမှု လုံးဝရပ်တန့်တော့မယ့် အခြေအနေဆီ တဖြည်းဖြည်း ဦးတည်နေတယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နန်လဖိုင်က ပြောပြပေးမှာပါ။
မြန်မာနိုင်ငံမှာ လူတယောက်အနေနဲ့ ဘဏ်မှာ ငွေထုတ်မယ်ဆိုရင် တပတ်ကို ကျပ် သိန်း ၂၀၊ အဖွဲ့အစည်းဆိုရင် သိန်း ၂၀၀ ထုတ်နိုင်တယ်လို့ ဗဟိုဘဏ်က သတ်မှတ်ထားပါတယ်။ ATM ငွေထုတ်စက်တွေကနေ ထုတ်မယ်ဆိုရင် အရင် ကျပ် ၅ သိန်းခွင့်ပြုထားတာကနေ မတ်လ ၃၀ ရက်နေ့ကစပြီး တရက်ကို ကျပ်ငွေ ၂ သိန်းပဲ ထုတ်ယူခွင့်ပြုမယ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ခုလို မြန်မာနိုင်ငံ ဘဏ်အသင်းက ညွှန်ကြားလိုက်ပြီး ပြည်တွင်း ဘဏ်ကြီးတခုဖြစ်တဲ့ ကမ္ဘောဇဘဏ်ကတော့ အဲဒီအတိုင်း စတင် လုပ်ဆောင်နေကြောင်း ကြေညာချက်ထုတ်ထားပါတယ်။
လက်ရှိမှာ ပုဂ္ဂလိက ဘဏ်တွေရဲ့ ငွေထုတ်၊ ငွေလွှဲအပါအဝင် စည်းကမ်းချက်တွေကို ဗဟိုဘဏ်က အခါအားလျှော်စွာထုတ်ပြန်ပေးနေပြီး၊ ဘဏ်တွေ ပြိုလဲသွားမှာမျိုး စိုးရိမ်စရာ မရှိပါဘူးလို့ ဗဟိုဘဏ်ရဲ့ လက်ရှိ ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ဗွီအိုအေကို ပြောပါတယ်။
“ တချို့ကိစ္စရပ်တွေမှာ ကန့်သတ်ချက်တခုလုပ်ရင် ဘာဖြစ်လာနိုင်မယ်ဆိုတဲ့ impact ကိုလည်း တွက်ချက်ပြီးမှ လိုအပ်တဲ့ဟာကို ကာလတခု အတိုင်းအတာ တခုကို ဒါ စည်းကမ်းတခု၊ စနစ်တခု သတ်မှတ်တာ ဖြစ်ပါတယ်။ အဲဒီ သတ်မှတ်တဲ့ ကိစ္စရပ်တခုသည် serious ဖြစ်စရာ အကြောင်းပေါ်မှာ အခြေခံတဲ့ ကိစ္စရပ် မရှိပါဘူး။ ဘာမှစိုးရိမ်စရာ မရှိဘူးလို့ပဲ ပြောချင်ပါတယ်ခင်ဗျ။”
ဘဏ်တွေ လည်ပတ်အောင် ကြိုးစားနေတယ်လို့ စစ်ကောင်စီက ပြောပေမဲ့ လက်တတွေ့မှာ အခက်အခဲတွေရှိတယ်လို့ စီးပွားရေးပညာရှင် ဦးမင်းခင်က သုံးသပ်ပါတယ်။
“ တဖက်ကတော့ ဘဏ်တွေမှာ ငွေတွေစုပြုံထုတ်ကြလို့ ဘဏ်တွေ ယိမ်းယိုင်သွားမှာကို စိုးရိမ်တာမျိုးလည်း ရှိကောင်းရှိမယ်။ ဒါပေမဲ့ ဖွင့်သလောက် ဖွင့်နေတဲ့ဘဏ်တွေ လုပ်နေတဲ့ အပိုင်းလေးတွေက စီးပွားရေးအတွက် ငွေရေးကြေးရေးလည်ပတ်အောင် ဘာကြောင့် ငွေသားကို ထုတ်ပေးတာမျိုး၊ လွှဲပြောင်းပေးတာမျိုး မလုပ်နိုင်လဲဆိုတာကတော့ အတော်စဉ်းစားရခက်တယ်။ ဒီမှာ ခက်တာက ဗဟိုဘဏ်ကိုယ်တိုင်က အကန့်အသတ်တွေ အများကြီး လုပ်နေတော့ ဘဏ်တွေအပေါ်မှာ လူတွေရဲ့ ယုံကြည်မှု ထိခိုက်သွားမှာ စိုးရိမ်တယ်။ တဖက်ကလည်း စီးပွားရေး လည်ပတ်မယ့် အလားအလာ မမြင်ရသေးဘူးဆိုတော့ ထိပ်ဆုံးက နိုင်ငံရေးပြဿနာက တိုင်းပြည်ကို အများကြီး ဒုက္ခပေးနေပြီ။ အဆိုးသံသရာ လည်နေပြီလို့ ပြောလို့ရတယ်။ ပြောမယ်ဆိုရင် ငွေရေးကြေးရေးကဏ္ဍ ပြိုလဲတာမျိုးအထိ ဖြစ်နိုင်တဲ့ အန္တရာယ်မျိုးအထိ ရှိတယ်။”
ခုလိုအခြေနေမှာပဲ အာဏာသိမ်းအုပ်ချုပ်နေသူတွေက လက်ကိုင်ဖုန်းတွေကနေ အင်တာနက် ဆက်သွယ်ရေးကို ဖြတ်တောက်ထားတဲ့အတွက် လက်ကိုင်ဖုန်းတွေပေါ်ကနေ ငွေအလွှဲအပြောင်းလုပ် ငွေပေးခြေနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးရပ်တံ့နေပါတယ်။ စီးပွားရေးလည်ပါတ်ဖို့အရေးကြီးတဲ့ အင်တာနက် ဆက်သွယ်ရေးစနစ်တွေ ဖြတ်တောက်ထားတာ၊ မတည်မငြိမ်ဖြစ်နေတာတွေက ပြန်လည်ပြင်ဆင်ဖို့ မလွယ်နိုင်လောက်တဲ့ စီးပွားရေးအခြေအနေမျိုးအထိ အနှေးနဲ့အမြန် ရောက်ရှိနိုင်ကြောင်း စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။
ချေးငွေထုတ်ပေးထားပြီး ငွေကြေးလည်ပတ်မှု မရှိသလောက်ဖြစ်နေတဲ့ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေက အတိုးနှုန်းလျှော့ချပေးဖို့ ဗဟိုဘဏ်ကို ဒီရက်ပိုင်း တိုက်တွန်းလာပါတယ်။
ဘဏ်တိုးနှုန်းကို လျှော့သည်ဖြစ်စေ၊ မလျှော့သည်ဖြစ်စေ ဘဏ်တွေဟာ အခြေအနေတခုကို ရင်ဆိုင်ရမှာဖြစ်ပြီး အထူးသဖြင့် ဘဏ်ခွဲများတဲ့ ဘဏ်တွေ တွက်ခြေမကိုက်တော့သလို ဘဏ်သေးတွေလည်း အကျပ်အတည်းကြုံလာနိုင်ပြီး ပြည်သူတွေရဲ့ စိုးရိမ်မှုမြင့်မားလာနိုင်ကြောင်း စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာမိမိချိုက ဗွီအိုအေကို ပြောလိုက်ပါတယ်။
“Commodity flow ( ကုန်စည်စီးဆင်းမှု) က ပုံမှန်အခြေအနေ မဟုတ်တော့ဘူး၊ financial flow ကပုံမှန်မဟုတ်တော့ဘူး တွေ့နေရပြီ၊ နောက် သတင်းအချက်အလက် စီးဆင်းမှုက ပုံမှန်အခြေအနေ မဟုတ်တော့တာ တွေ့တဲ့အခါမှာ လူတွေက တဖြည်းဖြည်း panic ( ထိတ်လန့်မှု) ဝင်လာနိုင်တယ်။ ဒီ panic ဆိုသည်မှာ သိပ်ကြောက်စရာကောင်းတယ်၊ စီးပွားရေးတခုလုံးကို ယိုင်လဲသွားတယ်၊ ယိုင်တာကို ပိုယိုင်သွားစေတယ်။ အခြေအနေက ပိုဆိုးစေနိုင်တဲ့ အနေအထား ဖြစ်သွားစေနိုင်တယ်။ ဒါကြောင့် စောစောကပြောတဲ့ ဒီသုံးခုကို အတတ်နိုင်ဆုံး ပြန်ပြီး ထိန်းနိုင်ဖို့လိုတယ်။ ဒါက ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတာက နိုင်ငံရေးအပေါ်မှာ ဖြစ်လာတဲ့ စီးပွားရေး အကျပ်အတည်းလို့ ပြောလို့ရတယ်၊ နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပဲလို့ ပြောချင်တယ်။”
အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အစောပိုင်းမှာပဲ မြန်မာနိုင်ငံဘဏ်များအသင်းက ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်လို့ ဘဏ်တွေအားလုံး ယာယီပိတ်ထားပေးဖို့ ညွှန်ကြားလာတဲ့အတွက် ပြည်တွင်းဘဏ်တွေ တပြိုင်နက်တည်း ပိတ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးအကြပ်အတည်းကြုံလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် စီးပွားရေးလာလုပ်နေတဲ့ နိုင်ငံခြားဘဏ်တွေထဲက ကိုရီးယားဘဏ်လုပ်ငန်းတွေနဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ၁၁ ခုက ငွေထုတ်၊ ငွေသွင်းနဲ့ ငွေလွှဲပြောင်းတဲ့ ဝန်ဆောင်မှုအားလုံးကို မတ်လထဲမှာ ရပ်နားခဲ့ပါတယ်။
ဆန္ဒပြပွဲတွေ၊ CDM လှုပ်ရှားမှုတွေကြောင့် ပြည်သူတွေရဲ့ ဝင်ငွေလည်ပတ်မှုက ရပ်သွားတာကြောင့် ဘဏ်စုဆောင်းငွေတွေကိုပဲ ထုတ်သုံးနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘဏ်တွေမှာ ဒီငွေပမာဏ လျော့ကျသွားနိုင်ပြီး ဘဏ်အခက်အခဲတွေ ရှိလာနိုင်ကြောင်း ဒေါက်တာမိမိချိုက ပြောပါတယ်။
“ ဆိုတော့ ဘဏ်က ဝန်ထုပ်ဝန်ပိုးတွေ များလာပြီ များလာတော့ ဘဏ်တိုးနှုန်းတွေ လျှော့ချခိုင်းမယ်၊ ဘဏ်တိုးနှုန်း လျှော့ချခိုင်းတော့ ဒီလူတွေက ရင်းနှီးမြှုပ်နှံမှုမှာ ဘယ်လုပ်မလဲ ဒီအချိန်မှာ၊ ဒေါ်လာဝယ်မှာပေါ့။ သူများနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှာပေါ့ ပိုက်ဆံ ချမ်းသာတဲ့သူတွေက။ ဥပမာ စင်္ကာပူတို့ ဘာတို့မှာ အိမ်တွေဝယ်တာတို့ မြေတွေဝယ်တာတို့ သွားလုပ်ကြတော့မှာပေါ့။ ဘဏ်ထဲမှာ စောစောကပြောတဲ့ ၄၅ ထရစ်လီယံလောက်ရှိတဲ့ မြန်မာကျပ်ငွေ ပမာဏ လျော့သွားမှာပေါ့။ လျော့တာ မလျော့တာ နောက်လာမယ့် ၆လလောက်နေရင် အဲဒီဘဏ်တွေရဲ့ ပမာဏကို နှိုင်းယှဉ်ကြည့်လိုက် သိလိမ့်မယ်။”
အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ တော်တော်များများ ပါဝင်ကြတဲ့အတွက် ဘဏ်လုပ်ငန်းတွေကို ရပ်နားထားခဲ့ရပါတယ်။ အခုထိလည်း ဝန်ထမ်းတွေ ရုံးတက်ဖို့ သွားရေးလာရေး အခက်အခဲ၊ လုံခြုံရေး အခြေအနေတွေကြောင့် ဘဏ်တွေ ပုံမှန်လို ပြန် မလည်ပါတ်နိုင်ကြသေးပါဘူး။ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်နေချိန်မှာ စစ်အာဏာသိမ်းမှုဖြစ်တဲ့အတွက် ခုလို ဘဏ်လုပ်ငန်းတွေ၊ ငွေကြေး လည်ပါတ် စီးဆင်းမှုတွေ ထိခိုက်ပြီး စီးပွားရေး ကျဆင်းတဲ့ဖက် ဦးတည်သွားနေတဲ့အပေါ် စီးပွားရေးပညာရှင်တွေ စိုးရိမ်နေကြပါတယ်။
Your browser doesn’t support HTML5
...........
(Unicode)