သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

R2P ထက် ပိုမိုကျယ်ပြန့်တဲ့ နည်းလမ်းပေါင်းစုံနဲ့ မြန်မာ့အရေးဖိအားပေးဖို့ ကုလသမဂ္ဂမှာ ကြိုးပမ်းနေ-သံအမတ်ကြီး ဦးကျော်မိုးထွန်း 


နယူးရောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအဖွဲ့ရုံးရှေ့ လာရောက်အားပေးထောက်ခံသူတွေကို တွေ့ဆုံနှုတ်ဆက်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း
နယူးရောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအဖွဲ့ရုံးရှေ့ လာရောက်အားပေးထောက်ခံသူတွေကို တွေ့ဆုံနှုတ်ဆက်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို စစ်ကောင်စီက ပြင်းပြင်းထန်ထန်ဖိနှိပ်နေမှုကြောင့် လက်နက်မဲ့ ပြည်သူတွေ နေ့စဉ် သေဆုံးနေတာကို အမြန်ဆုံး အကာအကွယ်ပေးရေး ကုလသမဂ္ဂအနေနဲ့ ဘယ်နည်းလမ်းနဲ့ မဆို အသုံးပြုဖို့ သူ့အနေနဲ့ ကြိုးပမ်းဆောင်ရွက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုစားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

နယူးရောက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအဖွဲ့ရုံးရှေ့ သူ့ကို လာရောက်အားပေးထောက်ခံသူတွေကို တွေ့ဆုံစဉ်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။ ကိုအောင်မြတ်သူက ဆက်လက်ပြောပြမှာပါ။

အမေရိကန်ပြည်ထောင်စု နယူးရောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့ ပြုလုပ်မယ့် မြန်မာ့အရေး ဆွေးနွေးပွဲမတိုင်ခင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ဆောင်ရွက်နေတာတွေကို ထောက်ခံအားပေးတဲ့အနေနဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးရှေ့မှာ အင်္ဂါနေ့က သံအမတ်ကြီးကို သံဃာတော်တွေအပါအဝင် မြန်မာနဲ့တိုင်းရင်းသားတွေ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂအနေနဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ဘက်စုံမြန်မာနိုင်ငံကို ဖိအားပေးနိုင်ဖို့အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အခုလိုပြောသွားပါတယ်။

“ကျနော်တို့ကတော့ R2P ဆိုပြီးတော့ Terminology ကို အဲလိုမျိုးမသုံးဘူးပေါ့နော်။ ကျနော့်အနေနဲ့ ဒီ Field မှာလုပ်နေတယ်ဆိုတော့ ကျနော်က Protection ဆိုပြီးတော့ပဲ သုံးတယ်ပေါေ့နာ်။ Protection ဆိုတာက ပိုကျယ်ပြန့်တာပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ မျိုးစုံလာလို့ရတာပေါ့နော်။ ခုနပြောတဲ့ Military နည်းပဲဖြစ်ဖြစ် ၊ Economically နည်းပဲဖြစ်ဖြစ် ၊ Diplomatically နည်းပဲဖြစ်ဖြစ် အဲလိုရှုထောင့်တွေ အကုန်လုံးက ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတနိုင်ငံရဲ့ ရပ်တည်ချက်တွေက မတူကြဘူးပေါ့နော် သူတို့ Principle တွေရှိတယ် သူတို့ ပေါ်လစီတွေရှိတယ်ဆိုတော့ အဲဒါကိုလည်း ကျနော်တို့က လစ်လျူရှုလို့မရဘူး ။ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေ သေနေတဲ့ဟာက အသတ်ခံနေရတဲ့ဟာကိုတော့ တားဖို့လိုတဲ့အတွက်ကြောင့် အသံထွက်အောင်တော့ ကျနော်တို့ ဆက်လုပ်နေရပါမယ်။”

သံအမတ်ကြီးကို တွေ့ဆုံအားပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် သံဃသမဂ္ဂ ဥက္ကဌ ဆရာတော် ဦးဣဿရိယက အခုလို မိန့်ကြားပါတယ်။

“သံအမတ်ကြီးက ဘုန်းဘုန်းကို လက်အုပ်ချီပြီးတော့ နှုတ်ဆက်ပါတယ်။ ဘုန်းဘုန်းကလည်း သံအမတ်ကြီးကို နှုတ်ဆက်ပါတယ်။ ပြီးတော့မှ သံအမတ်ကြီး ကျန်းမာပါစေ ၊ သံအမတ်ကြီး မြန်မာနိုင်ငံအရေးကို ဆောင်ရွက်နိုင်ပါစေလို့ ဘုန်းကြီးက မေတ္တာပို့ပါတယ်။ သူကလည်း..ဆရာတော် ဘယ်ကလဲတဲ့ ၊ Up State ကပါလို့ ၊ New York ဘုန်းကြီးကျောင်းတွေ မရောက်သေးဘူးဗျာ သွားဖို့ အစီအစဉ်ရှိပါတယ်တဲ့။ မြန်မာနိုင်ငံအရေးကို တပည့်တော် အစွမ်းရှိသမျှ ထမ်းဆောင်ပါ့မယ်တဲ့။ အခုလို လာပြီး သူ့ကို တွေ့ကြတဲ့အတွက် ဝမ်းသာပါတယ်တဲ့။ မြန်မာနိုင်ငံအရေးကတော့ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်မယ်ဆိုရင် အောင်မြင်ဖို့ နီးပါပြီလို့ သူက ပြောပါတယ်ပေါ့နော်။”

ဒါအပြင် ဝါရှင်တန်ဒီစီအခြေစိုက် Freedom, Justice, equality အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံပွဲနဲ့ မြန်မာ့အရေး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ကုလသမဂ္ဂဌာနချုပ်ရှေ့မှာ ဆန္ဒပြပွဲလည်းပြုလုပ်ခဲ့ပါတယ်။

ဒီအတောအတွင်း လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၅)နိုင်ငံလုံးပါဝင်တဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်ဖို့ရှိပါတယ်။ ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener လည်း ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံးအခြေအနေကို အစီရင်ခံတင်ပြဖို့ရှိပါတယ်။

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြသူတော်တော်များများကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ကောင်စီက ရက်ရက်စက်စက် ပစ်သတ်ခဲ့တဲ့အတွက် လူအများအပြားသေဆုံးခဲ့ရတဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ပက်သက်ပြီး အရေးပေါ်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူဖို့ ဗြိတိန်နိုင်ငံက တောင်းဆိုခဲ့တာဖြစ်ပါတယ်။

အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ရုရှနဲ့တရုတ်တို့ရဲ့ ထောက်ခံမှုလိုအပ်တာကြောင့် အစည်းအဝေးအပြီး လုံခြုံရေးကောင်စီအနေနဲ့ကြေညာချက်သစ်အပေါ် သဘောတူနိုင်မကြလားဆိုတာကတော့ မသဲကွဲပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကလည်း အမျိူးသမီးနဲ့ကလေးငယ်တွေပါဝင်ကြတဲ့ ငြိမ်းချမ်းတဲ့ ဆန္ဒပြသူတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြေရှင်းတာကို ပြင်းပြင်းထန်ထန် ရှုတ်ချထားတဲ့ လုံခြုံရေးကောင်စီက ပထမအကြိမ်ကြေညာချက်ကို ထုတ်ပြန်ထားတာပါ။

ဒီ ကြေညာချက်ကိုလည်း ဗြိတိန်နိုင်ငံက ဦးဆောင်တင်သွင်းခဲ့တာဖြစ်ပြီး ကြေညာချက်ထဲမှာ အာဏာသိမ်းတယ်ဆိုတဲ့ စကားလုံးနဲ့နိုင်ငံတကာ ပိတ်ဆို့မှုဆိုတဲ့ စကားလုံးတွေ လုံခြုံရေးကောင်စီအနေနဲ့သဘောတူညီမှု မရရှိခဲ့ပါဘူး။ အဓိကအားဖြင့် ရုရှနဲ့တရုတ်တို့အပါအဝင် အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတွေက ဆန့်ကျင်ခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ အမျိူးသမီးနဲ့ကလေးငယ်တွေအပါအဝင် ပြီးခဲ့တဲ့ စနေနေ့တရက်ထဲ လူ ၁၀၇ ဦး အနည်းဆုံး အသတ်ခံခဲ့ရတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ခဲ့ပါတယ်။


........


(Unicode)















ဆက်စပ်သတင်းများ ...

XS
SM
MD
LG