သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး အပြောင်းအလဲမရှိသေး


ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တနလာၤနေ့မှာ ပုံမှန် အတိုင်းဘဲ ရုံးတက် ( ဓါတ်ပုံ- KyawSoe Latt)
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တနလာၤနေ့မှာ ပုံမှန် အတိုင်းဘဲ ရုံးတက် ( ဓါတ်ပုံ- KyawSoe Latt)

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု အတွက် ကုလသမဂ္ဂ ဘက်က အတတ်နိုင်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တောင်းဆိုခဲ့တဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တနလာၤနေ့မှာ ပုံမှန် အတိုင်းဘဲ ရုံးတက်ပြီး မူလတာဝန်ကို ထမ်းဆောင်နေပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ပတ်သက်ပြီး အပြောင်းအလဲ တစုံတရာ မရှိသေးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက တနလာၤနေ့မှာ ပြောပါတယ်။ တနလာၤနေ့မှာဘဲ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အလှည့်ကျ ဥက္ကဌ အဖြစ် တာဝန်ယူတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield ကလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"သူ့ကို ရာထူးက ဖယ်ရှားကြောင်း တရားဝင် အထောက်အထား ဒါမှမဟုတ်လည်း ပန်ကြားချက်ကို မတွေ့ရသေးပါဘူး။ အခုအချိန်ထိတော့ သူက မြန်မာ အစိုးရရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်" လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးက သတင်းထောက်တွေ အမေးကို ဖြေကြားခဲ့တာပါ။

မြန်မာ စစ်တပ် အာဏာသိမ်းတာကို နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အတိအလင်း ဆန့်ကျင်ခဲ့တဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ရာထူးက ထုတ်ပယ်ကြောင်း စစ်တပ်က ဖွဲ့ထားတဲ့ အုပ်ချုပ်ရေး ကောင်စီက ကြေညာထားတာပါ။

ဒါပေမယ့် ကုလသမဂ္ဂ ဆိုင်ရာ ခန့်အပ်မှုတွေနဲ့ ပတ်သက်လာရင် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ Credentials Committee မှာ ဆွေးနွေး ဆောင်ရွက်ကြမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က တနလာၤနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က မြန်မာနိုင်ငံတွင်းက သက်ဆိုင်သူ အားလုံးနဲ့ ဆက်လက် ဆွေးနွေး ဆောင်ရွက်နေတယ်လို့လည်း ပြောခွင့်ရက ပြောပါတယ်။

မြန်မာ စစ်တပ် အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ အညီ နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိစေရေးနဲ့ စစ်တပ် အာဏာပိုင်တွေဘက်က အခု လုပ်ရပ်တွေကို ပြန်လည်ရုပ်သိမ်းရမယ်ဆိုတဲ့ သတင်းစကားမျိုး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဘက်က တညီတညွတ်တည်း ရှိစေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဘက်က လိုလားနေတယ်လို့လည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက တနလာၤနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

...........

(Unicode)







XS
SM
MD
LG