ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံ

ဖနွမ်းပင်မြို့တော်မှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို လက်ခံတွေ့ဆုံတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်။ (ဒီဇင်ဘာ ၇၊ ၂၀၂၁)

(Zawgyi / Unicode)

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်က လာမယ့်လ အစောပိုင်းမှာ မြန်မာနိုင်ငံကို တရားဝင်လာရောက်မှာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင် နိုင်ငံတွေနဲ့ မြန်မာနိုင်ငံကြား ယိုယွင်းနေတဲ့ ဆက်ဆံရေး ပြေလည်ဖို့ လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က အင်္ဂါနေ့မှာ ပြောပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ဟာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ကမ္ဘောဒီးယားနိုင်ငံ မြို့တော် ဖနွမ်းပင်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလို တွေ့ဆုံရာမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီက ဖိတ်စာတစောင် လက်ခံရခဲ့ပြီးတဲ့နောက် အခုလို ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ခရီးစဉ် အစီအစဉ်ကို ကြေညာလိုက်တာပါ။

ဝန်ကြီးချုပ် ဟွန်ဆန် ခရီးစဉ်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံကို ပထမဆုံးလာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါလိမ့်မယ်။

ဘရူနိုင်းနိုင်ငံက အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ကျင်းပခဲ့တဲ့ အောက်တိုဘာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ကို မဖိတ်ကြားခဲ့ပါဘူး။ ဒါပေမယ့် လာမယ့်နှစ်မှာ မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံစလုံး အစည်းအဝေး တက်ရောက်သင့်တယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါဝင်ပတ်သက်သူတွေ၊ အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေး အပါအဝင် အချက် ၅ ချက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ အာဆီယံ အစည်းအဝေးမှာ သဘောတူခဲ့ပေမယ့် ကတိကဝတ်အတိုင်း အကောင်အထည် မဖော်ခဲ့တာကြောင့် နိုင်ငံရေးအဆင့်မဟုတ်တဲ့ ပုဂ္ဂိုလ်ကိုပဲ အောက်တိုဘာ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ကိုယ်စားပြု တက်ရောက်ခွင့် ပြုခဲ့တာပါ။ ဒါကို စစ်ကောင်စီက တက်ရောက်ဖို့ ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ကမ္ဘောဒီးယားဝန်ကြီးချုပ် မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို လက်ခံတွေ့ဆုံ

--------------------

(Unicode)





