ကိုဗစ်ကာလ မလေးရှားကပြန်ဖို့ သံရုံးမှာစာရင်းပေးသူ မြန်မာနိုင်ငံသား ၄၀၀ နီးပါးရှိ

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု တားဆီးနိုင်ရေး အသွားအလာ ကန့်သတ်ထားသည့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်းတနေရာ မြင်ကွင်း။ (ဧပြီ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကပ်ရောဂါနဲ့ ကြုံနေရချိန် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်ခွင့်ရရေး ကြိုးပမ်းနေကြတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံမှာ COVID-19 ကပ်ရောဂါကြောင့် ပိတ်ပင်ကန့်သတ်ထားတဲ့ အချိန်မှာပဲ သောင်တင်နေကြတဲ့ မြန်မာနိုင်ငံသားတွေရော အလုပ်လုပ်ကိုင်နေသူတွေပါ မြန်မာအစိုးရရဲ့ နေရပ်ပြန်ခွင့်ရရေး ကြိုးပမ်းနေကြတာပါ။ အခုဆိုရင် အရေးပေါ် ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်ခွင့်ရဖို့ မလေးရှားနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်လာသူ ခန့်မှန်းချေ ၄၀၀ လောက်အထိ ရှိနေပြီလို့လည်း အလုပ်သမား သံအရာရှိ ဦးဇော်မင်းအောင်က ပြောပါတယ်။

"ဆက်သွယ်လာတဲ့သူတွေမှာတော့ အိုဗာစတေးတွေ ပြန်လို့မရတဲ့သူတွေ ပြန်ချင်တာတွေရယ် အလုပ်စလုပ်နေတဲ့သူတွေလည်း များတယ်ပေါ့နော်။ အလည်ဗီဇာနဲ့လာပြီး သံရုံးက အချက်အလက်နဲ့ဝင်တဲ့ သူတွေလည်း အများကြီးပါ။ အားလုံး သုံးရာလေးရာလောက် ရှိပါတယ် ခန့်မှန်း။ကျနော်တို့ သံအရာရှိတွေကို ဆက်သွယ်သူတွေရော သံရုံးကို ဆက်သွယ်တဲ့သူတွေရောပါ။"

SEE ALSO: COVID-19 ရှိမရှိသိနိုင်အောင် မလေးရှားမှာ တင်းကြပ်စွာ စစ်ဆေးမည်

မလေးရှားအစိုးရကတော့ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူတွေကိုပါ ပြန်ခွင့်ပြုမှာဖြစ်ပြီး အမည်မည်းစာရင်းသွင်းမှာ မဟုတ်ကြောင်းလည်း ကြေညာထားတာပါ။ ဒါပေမယ့်လည်း လတ်တလောမှာတော့ မြန်မာသံရုံးက ထုတ်ပြန်ထားတဲ့ အချက်အလက်နဲ့ ကိုက်ညီတဲ့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေနဲ့ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းကုန်ဆုံးနေသူတွေကိုသာ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်ခွင့်ရမှာ ဖြစ်တယ်လို့လည်း အလုပ်သမား သံအရာရှိ ဦးဇော်မင်းအောင်က ပြောပါတယ်။

"မလေးရှားကို ဇန်နဝါရီက စရောက်တဲ့သူတွေအနေနဲ့ MCO (လှုပ်ရှားမှုထိန်းချုပ်ရေးအမိန့် ) ကာလပြီးရင်လည်း အမည်မည်း Black List စာရင်းမသွင်းဘဲ တရားဝင် လွတ်လွတ်လပ်လပ် ပြန်ခွင့်ပြုမယ်ဆိုတာမျိုးကိုလည်း ထုတ်ပြန်ထားပါတယ်။ ကျနော်တို့တရားဝင်ပြန်ခွင့်ပြုသူတွေကတော့ အလည်ဗီဇာနဲ့လာတဲ့ ဒီဘက်က MCO ကာလ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေရယ်၊ ပါမစ်ကုန်ပြီး အပြီးပြန်ချင်တဲ့သူတွေ အဲဒီ ၂ မျိုးကို စာရင်းထုတ်ထားပါတယ်။ ဒါပေမယ့် ဆက်သွယ်လာတဲ့သူတွေက အိုဗာစတေးတွေရော အလုပ်စပြီးလာလုပ်နေတဲ့ သူတွေရော ဆက်သွယ်လာတယ်။ တရားဝင် အလုပ်လာလုပ်တဲ့ သူတွေကိုတော့ ကျနော်တို့ကတော့ သူဌေးခွင့်ပြုမှရမယ် ဆိုတာမျိုးတွေ ပညာပေးရတယ်။ တရားမဝင် လာလုပ်တဲ့သူတွေကျတော့ ဒီဘက် မလေးရှားအစိုးရရဲ့ အစီအစဉ်ကို မသိသေးတော့ စိတ်ရှည်သည်းခံကြဖို့ပဲ အဲဒီလိုလေးပဲ ကျနော်တို့က ပညာပေးနေရတယ်။"

SEE ALSO: ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ဖို့ အစိုးရ ပြင်ဆင်

မြန်မာ အလုပ်သမား လူဝင်မူကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ဝန်ကြီးဌာန အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနကတော့ မလေးရှားကို တရားဝင်စေလွှတ်တဲ့ အလုပ်သမားပေါင်း ၂ သိန်းကျော်ရှိပြီး တခြားနည်းလမ်းတွေနဲ့ မလေးရှားကို ရောက်သွားသူ အားလုံးပေါင်းရင် မလေးရှားမှာ မြန်မာအလုပ်သမား ၅ သိန်းထက်မနည်း ရှိနေပါတယ်။ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ နောက်ထပ် ၁၂၂ ယောက်ကို အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် ကူးစက်သူ ၆၃၀၀ နီးပါးအထိ ရှိနေပြီး သေဆုံးသူ ၂ ဦး ထပ်တိုးခဲ့တဲ့အတွက်လည်း စုစုပေါင်း သေဆုံးသူ ၁၀၅ ယောက်အထိ ရှိသွားပါပြီ။

Your browser doesn’t support HTML5

ကိုဗစ်ကာလ မလေးရှားကပြန်ဖို့ သံရုံးမှာစာရင်းပေးသူ မြန်မာနိုင်ငံသား ၄၀၀ နီးပါးရှိ

-------------------------------

(Unicode)


(Zawgyi / Unicode)




SEE ALSO: ပြည်ပရောက် မြန်မာနိုင်ငံသားတချို့ Relief Flight နဲ့ ပြန်ရောက်လာပြီ


