ကိုဗစ်ထိန်းချုပ်ရေး ယာယီဆေးရုံနဲ့ Qurantine စင်တာများ ပြင်ဆင်နေ

ရန်ကုန်မြို့ရှိ ဘောလုံးကစားကွင်းတခုမှာ ယာယီ Quarantine စင်တာတခု ဆောက်လုပ်နေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၆၊ ၂၀၂၀)

[Zawgyi/Unicode]

မြန်မာနိုင်ငံတွင်း ကိုဗစ်ရောဂါကူးစက်မှု တစ်ရက်ထက်၊ တစ်ရက်ပိုများလာတာကြောင့် ယာယီဆေးရုံတွေ ဆောက်နေကြရသလို Quarantine Center တွေလည်း ပိုတိုးလာနေရပါတယ်။ ဒါကြောင့် ဒီရောဂါကို တားဆီးနိုင်ဖို့ ပြည်သူလူထုတွေအနေနဲ့ စည်းကမ်းချက်တွေနဲ့ အညီ နေထိုင်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ အစိုးရ တာဝန်ရှိသူတွေက တိုက်တွန်းတဲ့ အကြောင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြထားပါတယ်။

COVID 19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ တစ်ရက်အတွင်း ၃၀၀ ကျော်၊ ၄၀၀ နီးပါးတိုးလာနေတာကြောင့် ကုသရေးအတွက် ယာယီဆေးရုံတွေ တည်ဆောက်ပေးနေသလို တချို့ Quarantine Center တွေမှာလည်း ကုသရေး စင်တာတွေပြင်ဆင်ပြီး ဆေးကုသမှုတွေ လုပ်ပေးနေကြရပါတယ်။ စောင်ကြည့်လူနာတွေအတွက်လည်း Quarantine Center တွေ ထပ်တိုးချဲ့နေရပါတယ်။

လေ့လာမှုစစ်တမ်းတွေအရ အာဆီယံနိုင်ငံတွင်း ရောဂါဖြစ်ပွားမှု အဆင့်မှာ မြန်မာဟာ နံပါတ် ၅ နေရာမှာ ရှိနေပေမဲ့ နေ့စဉ် ပိုးတွေလူနာများတဲ့အဆင့် သတ်မှတ်ချက်ထဲမှာ နံပါတ် ၃ နေရာမှာ ရှိပါတယ်။ ရက်ပိုင်းအတွင်း ရောဂါပိုးတွေ့ရှိသူ အလျင်အမြန်တိုးများလာတဲ့ အခြေအနေကြောင့် ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ တနေ့တည်းမှာတင် ကိုဗစ်ရောဂါပိုး ဓါတ်ခွဲစမ်းသပ်မှု ၄,၅၉၇ ခု ပြုလုပ်ခဲ့ရာမှာ၊ ရောဂါပိုးတွေ့သူ ၃၃၇ ဦး ရှိခဲ့ပါတယ်။

SEE ALSO: မြန်မာနယ်စပ် ရွှေလီမြို့ ဓါတ်ခွဲနမူနာ ၆ သောင်းယူ ရောဂါပိုးစစ်ဆေး

ရောဂါဖြစ်ပွားကူးစက်မှု အများဆုံးဖြစ်နေတဲ့ ရန်ကုန်မှာ ကျန်းမာရေးဝန်ထမ်းအင်အား လုံလောက်မှု ရှိစေဖို့အတွက် ရောဂါဖြစ်ပွားမှု အနည်းဆုံးဒေသတွေကနေ ကျန်းမာရေးဝန်ထမ်းတွေကို အကူအညီအဖြစ်စေလွှတ်ပေးနေတယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောပါတယ်။

“ရန်ကုန်က ရောဂါကူးစက်မှု အဓိက အများဆုံးက ရန်ကုန်ပဲ။ မနေ့ကဆိုရင်လည်း ပိုးတွေ့လူနာတွေရဲ့ ၈၀ ကျော် ၉၀ ရာခိုင်နှုန်းလောက်သည် ရန်ကုန်မှာပဲဖြစ်ပြီး ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ဖြစ်ပွားနှုန်းက နည်းတယ်။ အဲ့ဒီတော့ လိုအပ်ချက်တွေ ရှိနေတဲ့ ရန်ကုန်ကို ရောဂါဖြစ်ပွားမှုနည်းတဲ့ တိုင်းနှင့်ပြည်နယ်တွေ ဥပမာ ကယားရယ်၊ မကွေးတို့ ပဲခူးတို့ စသည်ဖြင့် ဒါနဲ့ပတ်သက်လို့ ကူညီမဲ့ ဆေးအဖွဲ့တွေ လွှတ်နေတာမျိုးတွေ ရှိတယ်။ ဒါအပြင် ကျမတို့ ဗဟိုအဆင့်က နေပြီးတော့ မနေ့ကပဲ ထုတ်ပြန်တဲ့ အထဲမှာ ပါတယ်။ အဖွဲ့သုံးဖွဲ့လွှတ်လိုက်တယ်။ ဒုညွှန်ချုပ်တစ်ယောက်ပါတယ်၊ ညွှန်ကြားရေးမှူး တစ်ယောက်ပါတယ်။ သူတို့ဦးဆောင်တဲ့ အဖွဲ့ပေ့ါ၊ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့လို့ ခေါ်တယ်။ ကူးစက် ရောဂါတွေဖြစ်လာရင် အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ ၃ ဖွဲ့ကိုလည်း စေလွှတ်တယ်။ ဒါ့အပြင် လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက နေပြီးတော့ တက္ကသိုလ်ကောလိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်၊ ဆရာမတွေကိုလည်း လိုအပ်တဲ့ နေရာတွေမှာ ထုတ်နုတ်သုံးစွဲဖို့ ရှိပါတယ်။ ဒါ့အပြင် လိုအပ်တဲ့နေရာတွေမှာ ကူညီဖို့ Volunteer စာရင်းသွင်းထားတဲ့ ဆရာဝန်တွေလည်း ရှိပါတယ်။ ဒီဆရာဝန်တွေကိုလည်း သက်ဆိုင်ရာ လိုအပ်တဲ့ နေရာတွေကို စေလွှတ်မှာဖြစ်ပါတယ်။”

ကုသမှုပေးတဲ့ နေရာတွေထပ်တိုးချဲ့ထားတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဒေါက်တာခင်ခင်ကြီး ခုလိုပြောပါတယ်။

“အခုလက်ရှိမှာဆိုရင် ကျမတို့ အရင်က ဝေဘာဂီရှိတယ်။ တောင်ဥက္ကလာဆေးရုံ ရှိတယ်၊ ဖောင်ကြီး ရှိတယ်။ ခုဖောင်ကြီးကလည်း ၉၀၀ လောက်ရှိသားပြီ။ ၁,၀၀၀ ကျော်လောက်ထိတော့ လက်ခံမယ်လို့ လုပ်ထားတယ်။ ဒါ့အပြင် ကျမတို့ ထပ်တိုးချဲ့ထားတာ နောက်ထပ် ၂ ခုထပ်တိုးချဲ့ထားပါတယ်။ အဲ့ဒါကတော့ ဒဂုံဆိပ်ကမ်းမှာရှိတဲ့ ရိုးရိပ်သာရယ်၊ နောက် လှိုင် မှာလည်း COVID Medical Center ကိုလည်း ဖွင့်လှစ်ထားပါတယ်။ အဲ့ဒါအပြင် နောက်ထပ်တစ်ခုကတော့ သုဝဏ္ဏမှာရှိတဲ့ ဘောလုံး အကယ်ဒမီမှာ ဆိုလို့ရှိရင် ယာယီဆေးရုံအသုံးပြုဖို့ ဆောင်ရွက်နေတယ်။ မနေ့က သတင်းတက်လာ တာအရဆိုရင် နောက် ၅ ရက်လောက် ဆိုလို့ရှိရင် လူနာတွေ စထားနိုင်မယ်ဆိုတာလည်း သိရပါတယ်။ လက်ရှိမှာဆိုရင် ရန်ကုန်အတွက် လုပ်နေသလိုပဲ မန္တလေးမှာလည်း ကန်တော်နဒီဆေးရုံမှာ လူနာက ထားနိုင်တာထက်ပြည့်သွားပြီပေါ့နှော်။ အဲ့မှာလည်း သူတို့ နောက်ထပ်ချဲ့ဖို့ ကိစ္စတွေ သူတို့ ဆောင်ရွက်နေပါတယ်။”

ခုလက်ရှိအချိန်မှာ ပြည်သူလူထုတွေ အနေနဲ့ အိမ်ထဲမှာပဲ တတ်နိုင်သမျှနေကြဖို့ သတ်မှတ်ထားတဲ့ ကာလအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်၊ လမ်းညွှန်ချက်တွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအတိုင်း စနစ်တကျ လိုက်နာနေထိုင်ကြဖို့ကိုလည်း ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းပါတယ်။

SEE ALSO: ကိုဗစ်ကြောင့် ထိခိုက်ရတဲ့ မီဒီယာနဲ့ အနုပညာလုပ်ငန်းတွေပါ အရေးပေါ်ငွေချေးပေးဖို့ တောင်းဆို

အခုလိုကာလမှာ ကျန်းမာရေးဝန်ထမ်းတွေကိုသာ အားကိုးတာမျိုး မဟုတ်ဘဲ ပြည်သူတွေ အနေနဲ့ မိမိတတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ကိုဗစ်တိုက်ဖျက်ရေးအတွက် ပူးပေါင်းပေးကြမယ်ဆိုရင် နောက်ထပ် သီတင်းနှစ်ပတ်၊ သုံးပတ်အတွင်းမှာ ရောဂါကို ထိန်းချုပ်နိုင်တဲ့ အခြေအနေကိုရောက်လာနိုင်တယ်လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

ရောဂါကို အလျင်အမြန် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အဓိကဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်တွေကို အလေးထားလိုက်နာပေးကြဖို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း မနေ့ကတိုက်တွန်းထားပါတယ်။

“ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ကျနော်တို့ အတွက် အလွန်အင်မတန်အရေးကြီးပါတယ်။ ကျနော်တို့ တိုင်းအတွင်းမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုရှိလာတဲ့အတွက် ကျနော်တို့ လာမယ့် ရက်သတ္တပတ် ၂ ပတ်၊ ၃ ပတ်လောက်အတွင်းမှာ COVID 19 ရောဂါနဲ့ပတ်သက်ပြီး ထိန်းချုပ်နိုင်တဲ့ အခြေအနေတစ်ခုကို ရောက်လာမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒီအခြေအနေအတွက်လည်း ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပြီး ဆောင်ရွက်ပေးပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Stay at Home အစီအစဉ်တွေကိုလည်း တိတိကျကျ လိုက်နာဆောင်ရွက်ပေးစေချင်ပါတယ်။”

ကိုဗစ်ရောဂါ တစ်ကျော့ပြန်ဖြစ်ပွားမှုကြောင့် တစ်လတွင်း သေဆုံးသူက ၃၃ ယောက်အထိရှိတာကြောင့်၊ စက်တင်ဘာ ၁၅ ရက်နေ့အထိ ကိုဗစ်ရောဂါကြောင့် စုစုပေါင်း သေဆုံးသူ ၃၉ ဦး ရှိသွားပါပြီ။ ရောဂါပိုးတွေ့ရှိရတဲ့ ဓာတ်ခွဲအတည်ပြုလူနာက ၃,၆၀၀ ကျော်ရှိနေပါတယ်။ ရောဂါပိုးကင်းစင်လို့ ဆေးရုံဆင်းခွင့်ရသူက ၈၀၀ ကျော်ရှိပါတယ်။ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ အရေအတွက်က ၉,၀၀၀ ကျော်ရှိပါတယ်။

Your browser doesn’t support HTML5


[Unicode Version]




SEE ALSO: ကိုဗစ်အကန့်အသတ်ကြောင့် တိုင်းရင်းဒေသတွေ လူမှုအခက်အခဲကြုံ







SEE ALSO: မြန်မာနယ်စပ် တရုတ်နိုင်ငံရွှေလီမြို့ အဝင်အထွက်ကန့်သတ်



