မြန်မာမှာ တနင်္ဂနွေ တရက်တည်း ကိုဗစ် အကူးစက်ခံရသူ ၅၄၂ ဦးရှိ

COVID-19 ကူးစက်ပျံ့နှံ့မှု တိုးနေတဲ့ ရန်ကုန်မြို့မှာ ဒေသခံတွေကို ကျန်းမာရေးစစ်ဆေးဖို့ ပြင်ဆင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (စက်တင်ဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ COVID-19 ကူးစက်သူ လူနာသစ် ၂၆၄ ယောက် ထပ်ပြီး တွေ့ရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာလ ၂၁ ရက် တနင်္လာနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

တနင်္ဂနွေနေ့မှာ ပထမအသုတ် စစ်ဆေးရာမှာ အတည်ပြုလူနာသစ် ၂၇၈ ဦးကို တွေ့ရကြောင်း တနင်္ဂနွေနေ့ည ၈ နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာကြောင့် အခုဆို တနင်္ဂနွေ တနေ့တည်းမှာပဲ အကူးစက်ခံရသူ စုစုပေါင်း ၅၄၂ ဦး ဖြစ်သွားတာပါ။

အခုအချိန်အထိဆို မြန်မာနိုင်ငံမှာ ရောဂါပိုး အကူးစက်ခံရသူ စုစုပေါင်းက ၅,၈၀၅ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မှာ စုစုပေါင်း ဓာတ်ခွဲနမူနာ ၄,၈၉၂ ခုအား စစ်ဆေးခဲ့တာမှာ နောက်ထပ် အကူးစက်ခံရသူ စုစုပေါင်း ၅၄၂ ဦး တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

SEE ALSO: ရန်ကုန်မှာ တနင်္လာနေ့ကစပြီး နေအိမ်မှာပဲ နေကြဖို့ အစိုးရ အမိန့်ထုတ်ပြန်

တနင်္လာနေ့ မနက် ၈ နာရီ ထုတ်ပြန်ချက်ထဲမှာ သေဆုံးသူူ နောက်ထပ် ၂ ဦး ရှိလာတဲ့အတွက် အခုချိန်အထိ COVID-19 ဓာတ်ခွဲအတည်ပြု လူနာတွေထဲမှာ သေဆုံးရသူ စုစုပေါင်း ၉၄ ဦး ရှိသွားပါပြီ။ နောက်ထပ်သေဆုံးသူ ၂ ဦးဟာ အသက် ၆၂ နှစ်အရွယ် အမျိုးသားတဦးနဲ့ အသက် ၈၄ နှစ်အရွယ် အမျိုးသမီးတဦး ဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်နေသူတွေ ဖြစ်ပါတယ်။

ဆေးရုံက ဆင်းခွင့်ရသူကလည်း စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းအထိဆို ၁,၂၆၀ ယောက် ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီရက်ပိုင်းအတွင်း ရန်ကုန်တိုင်းမှာ ကိုဗစ်အတည်ပြုလူနာ ဆက်တိုက် တွေ့လာရသလို ခရီးသွားရာဇဝင်မရှိဘဲ ရောဂါပိုးရှိသူနဲ့လည်း ထိတွေ့ခဲ့ခြင်း မရှိသူတွေမှာပါ ဒီရောဂါကူးစက်မှု မြန်လာတဲ့အတွက် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာပဲ Stay at Home အမိန့်ကို ကိုကိုကျွန်းမြို့နယ်မှအပ ရန်ကုန်တိုင်းက ကျန်မြို့နယ်အားလုံးအတွက် ထုတ်ပြန်ခဲ့ပြီး ဒီအမိန့်ဟာ စက်တင်ဘာ ၂၁ ရက် တနင်္လာနေ့ကစပြီး သက်ရောက်မှာ ဖြစ်ပါတယ်။

-------------------

(Unicode)







SEE ALSO: ပြင်းထန်လာတဲ့ ရန်ကုန် ကိုဗစ်လှိုင်း ထိန်းချုပ်ရေး အိမ်မှာပဲနေကြဖို့ ကျန်းမာရေးပညာရှင် သတိပေး
