ရခိုင်နဲ့ ရန်ကုန်မှာ ကိုဗစ်ကူးစက်သူ ၂၆ ဦး ထပ်မံအတည်ပြု တွေ့ရှိ

လှိုင်သာယာ စက်မှုဇုန်က စက်ရုံတခုမှာ အလုပ်သမားတွေကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးနေတဲ့မြင်ကွင်း။ (မေ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းမှာ COVID-19 နောက်ထပ် ကူးစက်သူခံရသူ ၂၆ ယောက် ထပ်တွေ့တာကြောင့် တနိုင်ငံလုံးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၇၅ ယောက် ရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီမှာ ထုတ်ပြန်လိုက်ပါတယ်။

ဓာတ်ခွဲနမူနာ ၁,၂၅၃ ခုကို ဒီကနေ့ စစ်ဆေးခဲ့တာမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆ ယောက် ထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ပြည်ပခရီးသွားရာဇဝင် မရှိကြသူတွေဖြစ်ကြပြီး အဲဒီထဲက ၁၇ ယောက်က ရောဂါအတည်ပြုလူနာတွေနဲ့ ထိတွေ့မှုရှိပြီး ကျန်တဲ့ ၉ ယောက်ကတော့ ပြည်တွင်းမှာ ထိတွေ့မှုမရှိဘဲ ကူးစက်တာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ သြဂုတ် ၃၀၊ ည ၈ နာရီ ထုတ်ပြန်ချက်။ (သြဂုတ် ၃၀၊ ၂၀၂၀၊ ဓာတ်ပုံ - MOHS)

ဒီနေ့ကူးစက်ခံရသူတွေထဲက ၂၁ ယောက်က ရခိုင်ပြည်နယ်ကဖြစ်ပြီး ၅ ယောက်က ရန်ကုန်တိုင်းက ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ၂၁ ယောက်ထဲမှာ စစ်တွေက ၈ ယောက်၊ ပေါက်တောက ၆ ယောက်၊ မင်းပြားက ၄ ယောက်၊ ပုဏ္ဏားကျွန်းက ၂ ယောက်နဲ့ ကျောက်တော်က ၁ ယောက် ဖြစ်ပါတယ်။

ရန်ကုန်တိုင်းကတော့ လှိုင်မြို့နယ်က ၂ ယောက်၊ ပုဇွန်တောင်၊ မင်္ဂလာဒုံနဲ့ မြောက်ဒဂုံမြို့နယ်တွေက ၁ ယောက်စီဖြစ်ပါတယ်။

SEE ALSO: ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှု ရန်ကုန်မှာတိုးလာ

ဒီနေ့ကူးစက်ခံရသူတွေထဲမှာ စစ်တွေမြို့က အသက် ၁ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ပြီး အခုဆိုရင် ရခိုင်ပြည်နယ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၃၃၇ ယောက်ရှိသွားပြီ ဖြစ်ပါတယ်။

ဒီနေ့မှာ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေထဲက ၂ ကြိမ်ဆက် ပိုးမတွေ့သူ ၁ ဦး တွေ့တာကြောင့် ရောဂါသက်သာပျောက်ကင်းသူ ၃၅၂ ယောက်ရှိသွားပြီဖြစ်ပြီး ၃၄၇ ယောက်က ဆေးရုံက ဆင်းသွားပြီဖြစ်ပါတယ်။

ဒါ့အပြင် မနေ့က နေ့လယ် ၁၂ နာရီကနေ ဒီနေ့ နေ့လယ်အထိ နောက်ထပ်စောင့်ကြည့်လူနာသစ် ၅၃ ယောက်ရှိတယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူ ၆ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

Your browser doesn’t support HTML5

ရခိုင်နဲ့ ရန်ကုန်မှာ ကိုဗစ်ကူးစက်သူ ၂၆ ဦး ထပ်မံအတည်ပြု တွေ့ရှိ

-----------------------

(Unicode)






SEE ALSO: ရခိုင် COVID နောက်ဆုံးအခြေအနေ ကျန်းမာရေးဝန်ကြီး၊ အရေးပေါ် တုံ့ပြန်ကိုင်တွယ်မှု ခေါင်းဆောင်တို့နဲ့ မေးမြန်းခန်း


