မြန်မာနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း အမြင့်ဆုံးစံချိန်တင်

ရန်ကုန် ပုဂ္ဂလိကဘဏ်တခုမှာမြင်ရတဲ့ ထုပ်စည်းထားတဲ့ မြန်မာငွေများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

မြန်မာကျပ်နဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းဟာ ဇူလိုင်လကုန်ပိုင်းမှာ စံချိန်တင်အမြင့်ဆုံးကိုရောက်လာပါတယ်။ စက်သုံးဆီအတွက်အဓိကလိုအပ်တဲ့ အမေရိကန်ဒေါ်လာရှားပါးမှုက စက်သုံးဆီပြတ်လပ်မှုအထိ ဖြစ်လာနိုင်တယ်လို့လည်း တချို့က ခန့်မှန်းနေကြပါတယ်။ ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

သွင်းကုန်အတွက် အဓိကလိုအပ်တဲ့ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်ငွေစျေး တဟုန်ထိုးပြန်တက်လာတဲ့တွက် ကုန်ပစ္စည်းရှားပါးမှုနဲ့ ကုန်စျေးတက်လာနေတာကိုကြုံနေရကြောင်း လူသုံးကုန် လက်လီ၊ လက်ကားဖြန့်သူတချို့က ပြောပါတယ်။ အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ ၅,၃၀၀ ကျော်လာတဲ့အတွက် စက်သုံးဆီလိုသွင်းကုန်တွေ စျေး တက်လာနိုင်တာပါ။ စစ်ကောင်စီက စက်သုံးဆီကို စျေးလျှော့ရောင်းဖို့ပြောနေပေမဲ့ တဘက်မှာ ဗဟိုဘဏ်က ဒေါ်လာကိုလုံလောက်အောင် ရောင်းမပေးတော့တာကြောင့် စက်သုံးဆီပြတ်လပ်နိုင်တယ်ဆိုပြီး လုပ်ငန်းရှင်တချို့ကလည်း ခန့်မှန်းနေပါတယ်။ ရန်ကုန်နဲ့မန္တလေးမှာတောင် စက်သုံးဆီကို ဆိုင်ကြီးတွေမှာခွဲတမ်းကျဝယ်နေရပြီး အပြင်မှာ ဝယ်ရင်တော့ အောက်တိန်း (92) တလီတာကို ၃,၅၀၀ ကျပ် လောက်ပေးဝယ်ရကြောင်း ဒေသခံတချို့က ပြောပါတယ်။ ရန်ကုန်-မန္တလေး ခရီးသွားလုပ်ငန်းရှင်တဦးက ဆီဝယ်လို့မရတဲ့အခြေအနေကို ပြောပြပါတယ်။

"ဆီဆိုင်တွေက မရောင်းတာများတယ်၊ တချို့ဆိုင်တွေဆို ၂ ရက်- ၃ ရက်ရှိပြီ ပိတ်ထားတာ။ တချို့ဆိုင်တွေက ကားတစီး ဝင်လာရင် တစီး၊ ဘောက်စာတစီးဝင်လာရင်တစီး အဲလိုပဲပေးတယ်။ အခုဒီလ ၂၅ ရက်နောက်ပိုင်းဆို တော်တော်ကို အခြေအနေဆိုးတယ်။ ဆီက မရတာကများတယ်။ ကားသမားတွေက ဘာဖြစ်လာလဲဆိုတော့ စျေးတွေ တင်တောင်းမှာပဲ။ ခရီးသည်တွေပဲ နာမှာပဲ။ ကျနော်တို့ကလည်း အပြင်မှာ ဝယ်ပြီဆိုကတည်းက လူရဲ့ဝန်ဆောင်ခတွေ ရှိတယ်လေ။ မန္တလေး အရင်တုန်းက ၃ သိန်းခွဲ၊ အခုဆို ၄ သိန်းခွဲတောင်းတယ်။ အဲဒီလို တသိန်းခွဲလောက် ပြန်တင်တောင်းလိုက်တာပဲ။"

သီလဝါ စက်သုံးဆီလက်ကား ဖြန့်ချီတဲ့သိုလှောင်ရုံတွေမှာ စက်သုံးဆီ အလုံအလောက်ရှိနေတယ်လို့ ရ န်ကုန်က စက်သုံးဆီဆိုင် လုပ်ငန်းရှင်တဦးက ပြောပါတယ်။ စစ်ကောင်စီက စက်သုံးဆီဆိုင်တွေကို အခွန်စည်းကျပ်တာ၊ စစ်ဆေးတာတွေ ပိုလုပ်လာတဲ့အတွက် ဆိုင်ရှင်တချို့က ဆီဝယ်ယူတာကို လက်တလော ရပ်နားထားကြတာလို့ ဗွီအိုအေကို ပြောပါတယ်။

ထိုင်းဘတ်ငွေစျေးကလည်း တရက်တည်းမှာပဲ ဆက်တိုက် တက်နေတာပါ။ ဒီနေ့ ဇူလိုင် ၃၀ ရက် ညနေပိုင်းမှာတော့ မြန်မာငွေတသိန်းကျပ်ကို ထိုင်းဘတ်ငွေ ၆၅၀ လောက်ပဲ ရှိပါတယ်။ စျေးမငြိမ်လို့ အရောင်းအဝယ်ရပ်နားထားရကြောင်း မြဝတီမြို့က ဆိုင်ကယ်ရောင်းဝယ်သူတဦးက ပြောပါတယ်။

" ခါတိုင်းဆို မြန်မာငွေတသိန်းကို ဘတ် ၉၀၀ ကျော်ပေါ့။ ဘတ်စျေးတက်တဲ့အခါကျတော့ ကိုယ်က မြန်မာ (ငွေ) နဲ့ ပေးဝယ်ရတာဆိုတော့ ဟိုဘက်ကလာတဲ့ပစ္စည်းကို အရင်တုန်းက (သိန်း) ၃၀ တန်ဆိုင်ကယ်တစီးကို အခုက ၄၅-၅၀ တွေ ပေးဝယ်နေရတယ်။ ဘတ်စျေးတွေနဲ့ မကိုက်ဘူး။ တချို့ကျတော့ မရောင်းကြတော့ဘူး။"

ကြိုက်ရောင်းကြိုက်ဝယ် စျေးကွက်ထဲမှာတော့ ငွေစျေးနှုန်းက အမျိုးမျိုး ဖြစ်ပေါ်နေပါတယ်။ တရုတ်ငွေ တယွမ်ကို ၆၅၀ ကျပ်ဝန်းကျင်ကနေ ၇၃၀ ကျပ်ဝန်းကျင်ကို ရက်ပိုင်းအတွင်း ရောက်လာပါတယ်။ တယူရိုကို မြန်မာငွေ ၅,၅၆၀ ကျပ်၊ စင်္ကာပူတဒေါ်လာကို ၃,၈၀၀ ကျပ်၊ ထိုင်းငွေတဘတ်ကို ၁,၄၀ ကျပ်နဲ့ မလေးရှားငွေ တရင်းဂစ်ကို ၁,၁၀၀ ကျပ် အထက်ကို အသီးသီး ရောက်ရှိလာတာပါ။ ရွှေစျေးကတော့ ပြင်ပမှာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၆၅ သိန်းအထိ အမြင့်ဆုံးပေးပြီး စျေးခေါ်နေကြပါတယ်။

Your browser doesn’t support HTML5

မြန်မာနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း အမြင့်ဆုံးစံချိန်တင်