မြန်မာ့ဒီမိုကရေစီရေး အီးယူနဲ့ ပူးပေါင်းဆောင်ရွက်နေ - ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး

ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Dominic Raab. (နိုဝင်ဘာ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

ဇွန်လအတွင်း ကျင်းပဖို့ရှိတဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ ထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ကိစ္စ အပါအဝင် ကမ္ဘာ့ရေးရာတွေမှာ အီးယူနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိကြောင်း ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Dominic Raab က ဒီကနေ့ ပြောကြားလိုက်ပါတယ်။

“အီးယူအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကျနော်တို့ လေးစားစွာ ဆက်ဆံသွားမှာ ဖြစ်ပါတယ်။ အီးယူနဲ့ ကျနော်တို့အကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထားရှိလိုပါတယ်။ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Joseph Borrell နဲ့ ဆက်ဆံဖူးတဲ့ အတွေ့အကြုံအရ မြန်မာနိုင်ငံအပေါ် ချမှတ်လိုက်တဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ အပါအဝင် Global Magnitsky ဥပဒေတွေလို့ခေါ်တဲ့ ကမ္ဘာတဝန်း လူမျိုးတုံးသတ်ဖြတ်မှု၊ နှိပ်စက်ညှင်းပန်းမှု၊ မတရားဖမ်းဆီး အကျဉ်းချရာမှာ ပါဝင်တဲ့သူတွေကို ပစ်မှတ်ထား အရေးယူတဲ့ ဥပဒေ စတဲ့ကိစ္စရပ်တွေ အပါအဝင် အီရန်နဲ့ Brexit ကိစ္စအဆုံး မိတ်ဘက်နိုင်ငံတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေဟာ ဘယ်လောက်အရေးပါတယ် ဆိုတာကို ကျနော် နားလည်ပါတယ်။ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ရမယ့် အကြောင်းကိစ္စတွေ အများကြီး ရှိနေပါတယ်။” လို့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး Dominic Raab က ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောကြားခဲ့တာပါ။

SEE ALSO: "မြန်မာလူထုနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်" - ဥရောပသမဂ္ဂ

ဗြိတိန်မှာ ဇွန်လအတွင်း ကျင်းပမယ့် G-7 ထိပ်သီးစည်းဝေးပွဲ မတိုင်ခင် G-7 နိုင်ငံခြားရေးဝန်ကြီးတွေ အခုသီတင်းပတ်အတွင်း အကြိုဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ ရှိနေတဲ့အချိန် ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်း အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် မြန်မာစစ်တပ်အပေါ် ဗြိတိန်၊ အီးယူနဲ့ အမေရိကန်ပြည်ထောင်စုတို့က လူပုဂ္ဂိုလ်အလိုက်ရော၊ စစ်တပ်ကပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း အစုအဖွဲ့တွေကိုပါ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့ဒီမိုကရေစီရေး အီးယူနဲ့ ပူးပေါင်းဆောင်ရွက်နေ - ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး

---------------------

(Unicode)




SEE ALSO: မြန်မာ့အရေး နိုင်ငံတကာ တုံ့ပြန်မှုအားနည်းချက် ကုလအထူးကိုယ်စားလှယ် သတိပေး

