ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေတင်ပြ

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ တာဝန်ရှိသူတွေ အပြစ်ကင်းလွတ်ခွင့်ရနေတဲ့အခြေအနေကြောင့် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ ရပ်တန့်နေပြီလို့ ကုလသမဂ္ဂစုံစမ်းရေးမှူးတွေက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံ အခုရင်ဆိုင်နေရတဲ့အခြေအနေအပေါ် စိတ်ရှည်သည်းခံရမယ်ဆိုရင် ပြဿနာအဖြေကို မရနိုင်ပဲ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လမ်းလွဲသွားနိုင်တယ်လို့လည်း သတိပေးလိုက်ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ဆွီဇာလန်နိုင်ငံ ဂျနီဗာမြို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းရေးမှူးတွေက သူတို့တွေ့ရှိချက်တွေအပေါ် တင်ပြ အကြံပြုခဲ့တာပါ။ ကိုသားညွန့်ဦးက ဆက်ပြီး ပြောပြပါမယ်။

မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေနဲ့ အကြံပြုချက်တွေပါတဲ့ စာမျက်နှာ ၄၀၀ကျော်ရှိ အစီရင်ခံစာကို အခု ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီညီလာခံကို တင်သွင်းခဲ့တာပါ။ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းပေးခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာအချက်အလက်စုဆောင်းရေးအဖွဲ့ (Fact Finding Mission) ကနေ တင်သွင်းတာဖြစ်ပြီး၊ ဒီအထဲမှာတော့ ၂၀၁၁ ခုနှစ်ကတည်းကစလို့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အသေးစိတ်မှတ်တမ်းတင်ထားပါတယ်။

အထူးသဖြင့်တော့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ လုံခြုံရေးစစ်ဆင်ရေးအတွင်း ဆိုးဆိုးဝါးဝါးလူ့အခွင့်အရေးချိုးဖောက်မှုတွေကို အသေးစိတ်ပြုစုထားပါတယ်။ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်နေတဲ့ မြန်မာစစ်တပ်ကို လုံး၀ ပြုပြင်ပြောင်းလဲဖွဲ့စည်းဖို့၊ စစ်တပ်လက်ရှိခေါင်းဆောင်တွေကို ဖယ်ရှားပစ်ဖို့နဲ့ မြန်မာ့တပ်မတော်ကို နိုင်ငံရေးအခန်းကဏ္ဍက ဖယ်ထုတ်ပြီး အရပ်ဖက်အုပ်ချုပ်မှုအောက်မှာ ထားဖို့ဆိုပြီး အစီရင်ခံစာမှာ အကြံပြုတိုက်တွန်းထားပါတယ်။ ဒီအတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ပိုပြီး တွန်းတွန်းတိုက်တိုက်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်။ ဒါ့အပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ ဝေဖန်ဆန်းစစ်မှုတွေကို လက်ခံဖို့လိုပြီး၊ အခု ဖြစ်နေတဲ့ အခြေအနေအတိုင်းဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဟာ ရပ်တန့်နေတယ်လို့ ကုလ စုံစမ်းရေးအဖွဲ့ ခေါင်းဆောင် Marzuki Darusman က လူ့အခွင့်အရေးကောင်စီကို တင်ပြသွားပါတယ်။

“ ဒီမိုကရေစီစနစ်မှာ အစိုးရဟာ စောင့်ကြည့်စစ်ဆေးမှုကိုလက်ခံဖို့လိုပါတယ်။ အမုန်းစကားပြောဆိုတာတွေ၊ အန္တရာယ်ရှိတဲ့ မမှန်သတင်းဖြန့်ဝေတာမှုတွေအပေါ် အသေအချာကို အရေးယူတုံ့ပြန်တဲ့ ခေါင်းဆောင်မှုမျိုးဖြစ်ရပါမယ်။ ခွဲခြားဆက်ဆံမှုမရှိပဲ အားလုံး တန်းတူအခွင့်အရေးရှိတဲ့ ဥပဒေထိန်းကွပ်မှုရှိရပါမယ်။ ဒါတွေကို ကြည့်ရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဟာ ခက်ခက်ခဲခဲ စ တင်ခဲ့ရပြီး၊ အခုဆိုရင်တော့ ရပ်တန့်နေတဲ့ အခြေအနေရောက်နေပါပြီ။”

မြန်မာအစိုးရအကြီးအကဲတွေကတော့ ရခိုင်မြောက်ပိုင်းအပါအဝင် မြန်မာနိုင်ငံရင်ဆိုင်နေရတဲ့ အခြေအနေတွေအပေါ် နားလည်ဖို့ စိတ်ရှည်သည်းခံဖို့ကိုပဲ ပြည်တွင်းရော ပြည်ပကိုပါ တိုက်တွန်းနေတာပါ။ ဒါပေမယ့်လည်း စိတ်ရှည်သည်းခံမှုဆိုတာဟာ လက်ရှိ ပြဿနာတွေ ဖြေရှင်းရေးမှာ အကူအညီမဖြစ်ရုံမက၊ ဒီမိုကရေစီရေးဆောင်ရွက်မှုလမ်းလွဲှအောင် လုပ်နေသူတွေအတွက်ပဲ အကျိုးဖြစ်လိမ့်မယ်လို့ ကုလစုံစမ်းရေးမှုး Marzuki Darusman က သတိပေးပါတယ်။

“ဝေဖန်ဆန်းစစ်မှုတွေ မလုပ်နိုငအောင် ဖိနှိပ်ရေးဥပဒေတွေ အသုံးပြုနေပါတယ်။ ကုလသမဂ္ဂကို သတင်းအချက်အလက်တွေ ပို့ပေးသူတွေကို တုံ့ပြန်အရေးယူတဲ့ ဖြစ်ရပ်မျိုးတွေ ရှိတယ်ဆိုတာတွေ့ရပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြမှုတွေဟာလည်း ပိတ်ပင်ခံနေရပါတယ်။ အချို့နေရာတွေမှာဆိုရင် ဒီ ဆန္ဒပြမှုတွေဟာ အကြမ်းဖက်တုံ့ပြန်ခံရပါတယ်။ ဥပမာ မြောက်ဦးမှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်မျိုးပါ။ အစိုးရကို ဆန့်ကျင်ဝေဖန်မှုတွေဟာ ခြိမ်းခြောက်မှုတွေနဲ့ ဖမ်းဆီးမှုတွေနဲ့ နှုတ်ပိတ်ခံနေရပါတယ်။ အမုန်းစကားတွေ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် အမုန်းစကားပြောဆိုမှုတွေလည်း အတော်ရှိနေပါတယ်။ စိတ်ရှည်သည်းခံမှုဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်ထွန်းမှုကို ဘယ်လိုမှ အထောက်အကူမဖြစ်စေပါဘူး။ ဒါကို လမ်းလွဲသွားအောင် လုပ်မယ့်သူတွေအတွက်ပဲ အကျိုးဖြစ်စေပါလိမ့်မယ်။”

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းတဲ့ မြန်မာနိုင်ငံဆိုင်ရာစုံစမ်းရေးအဖွဲ့ကို မြန်မာအစိုးရက အသိအမှတ်မပြုပါဘူး၊ ပြည်တွင်းကိုလည်း လာရောက်ခွင့်မပေးပါဘူး။ ဒါကြောင့်လည်း ဒီအဖွဲ့ဟာ အိမ်နီးချင်းနိုင်ငံတွေက အခြေအနေတွေကို သွားရောက်လေ့လာ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ အဖွဲ့တွေကို ခေါ်ယူတွေ့ဆုံ၊ ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံပြီးတော့ပဲ ဒီအစီရင်ခံစာကို ပြုစုခဲ့ရတာပါ။ ဒီ အစီရင်ခံစာကို မြန်မာသမ္မတထံ ပေးပို့ပြီး၊ မြန်မာသမ္မတရဲ့ သဘောထားကို ရယူဖို့ကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို တိုက်တွန်းထားပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ဒီ အစီရင်ခံစာတင်ပြတော့၊ မြန်မာအစိုးရကိုယ်စားလှယ်ကတော့ ဒီ အစီရင်ခံစာဟာ တဖက်သတ်ဖြစ်တယ်ဆိုပြီး လက်မခံပါဘူး။ ဒီ အစီရင်ခံစာကြောင့် ပြဿနာတွေ ဖြေရှင်းရေး အစိုးရရဲ့ ကြိုးပမ်းမှုတွေကိုပါ ထိခိုက်စေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

“အခုလို စုံစမ်းရေးအဖွဲ့ရဲ့ တဖက်သတ် အစီရင်ခံဟာဟာ အစိုးရရဲ့ စိုးရိမ်မှုတွေကို တိုးလာစေဖို့ပဲရှိပါတယ်။ ရခိုင်ပြည်နယ်တွင်း လူမှုသဟာဇာတရှိမှုကို အန္တရာယ်ရှိတဲ့အပြင်၊ ငြိမ်းချမ်းရေး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာ အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။”

အခုလို မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး၊ ပြည်တွင်းမှာ အစိုးရအနေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ကိုင်တွယ်အရေးယူဖို့ အစီရင်ခံစာမှာ တိုက်တွန်းတဲ့အပြင်၊ မြန်မာပြည်တွင်းမှာ ထိရောက်စွာ မကိုင်တွယ်နိုင်ရင် နိုင်ငံတကာဥပဒေနဲ့အညီ စုံစမ်းစစ်ဆေးအရေးယူဖို့ကိုလည်း နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။ နိုင်ငံတကာဥပဒေနဲ့ အရေးယူနိုင်ဖို့ အကောင်းဆုံးနေရာကတော့ ICC နိုင်ငံတကာပြစ်မှုဆိုင်ရာတရားရုံးဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

Your browser doesn’t support HTML5

ကုလအချက်အလက် ရှာဖွေရေးအဖွဲ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေတင်ပြ