မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲတဲ့ ဥပဒေအရ သတ်မှတ်ထားတဲ့ ကာလအတိုင်း အကောင်အထည်ဖေါ်ဆောင်ရွက်မယ်ဆိုရင် သန်းနဲ့ချီ တောင်သူလယ်သမားတွေ၊ တိုင်းရင်းသားတွေအတွက် လက်ရှိနေထိုင်လုပ်ကိုင် စားသောက်နေ တဲ့ မြေယာတွေ အကြီးအကျယ် ဆုံးရှုံးရမယ့် ဘေးအန္တရာယ် ရှိနေတာကြောင့် ဒီဥပဒေအကောင်အထည်ဖေါ်မယ့် အစီအစဉ်ကို မြန်မာအစိုးရ အနေနဲ့ ချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေက မနေ့က ပြင်းပြင်းထန်ထန် တိုက်တွန်းလိုက်ပါတယ်။
ဒီမြေယာဥပဒေသစ်ကြောင့် ဖြစ်ပေါ်လာမယ့် အခက်အခဲပြဿနာတွေ ဘာတွေလဲ၊ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလုပ်ကိုင်လာသူတွေအတွက် ဘယ်လောက်အထိ ထိခိုက်မှုတွေရှိမလဲ။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။
၂၀၁၉ မတ်လ ၁၁ ရက်နေ့ ဟာ ကျေးလက်ဒေသနဲ့ တိုင်းရင်းသားနယ်မြေတွေမှာ နေထိုင်သူတွေအတွက် ကိုယ်ရဲ့ မြေယာတွေကို တရားဝင်ပိုင်ဆိုင်ကြောင်း အတည်ပြုဖို့ လျှောက်လွှာတွေ တင်သွင်းရမယ့် နောက်ဆုံးရက်ဖြစ်ပါတယ်။
၂၀၁၈ စက်တင်ဘာလက လွှတ်တော်မှာ ပြင်ဆင်ပြဌာန်းခဲ့တဲ့ ဒီ မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေအတိုင်းသာ ဆောင်ရွက်မယ်ဆိုရင် နှစ်ပေါင်းများစွာ ဓလေ့ထုံးစံအရ အသုံးပြုနေတဲ့ မြေယာပိုင်ဆိုင်ခွင့်နဲ့ ဆိုင်တဲ့ အကြောင်းအရာတွေမှာ အငြင်းပွားစရာတွေ ဖြစ်ပေါ်လာမှာဖြစ်သလို နိုင်ငံတဝန်း သန်းနဲ့ချီ လယ်သမားတွေ သူတို့ စိုက်ပျိုးလုပ်ကိုင် စားသောက်နေတဲ့ မြေယာတွေ လက်လွတ်ဆုံးရှုံးဖွယ်ရှိနေကြောင်း နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ က ကြေညာချက်ထုတ်ပြန်ထားပြီး အစိုးရအနေနဲ့ ဒီဥပဒေအတိုင်း ဆက်လက်အကောင်ဖေါ်မယ့် အစီအစဉ်ကို ချက်ချင်းရပ်ဆိုင်းဖို့ တောင်းဆိုထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ HRW အာရှရေးရာတာဝန်ခံ Brad Adams က ဗွီအိုအေကို အခုလိုပြောပါတယ်။
"မြန်မာနိုင်ငံမှာ ဒီမြေယာဥပဒေသစ်ကြောင့် လူတွေ သန်းနဲ့ချီပြီး သူတို့မြေယာတွေဆုံးရှုံးမယ့် အခြေအနေအလားအလာရှိနေပါတယ်။ ဒီဥပဒေကြောင့် ငွေကြေးချမ်းသာသူတွေ၊ အာဏာရှိသူတွေကနေ ဒီမြေတွေဟာ သူတို့ပိုင်ဆိုင်တဲ့ မြေယာတွေအဖြစ် အဆိုတင်သွင်းနိုင်ပြီး နှစ်ပေါင်းများစွာ မြေယာတွေမှာ လုပ်ကိုင်စားသောက် နေထိုင်သူတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ အထူးသဖြင့် တောင်သူလယ်သမားတွေနဲ့ စစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေက မြေယာအသုံးပြုခွင့် တားဆီးခံထားရပြီဖြစ်တဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေအတွက် မြေယာမဲ့ဘဝကို ရောက်သွားနိုင်ပါတယ်။"
အလားတူ လက်ရှိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ မနေ့က မြန်မာနိုင်ငံအစီရင်ခံစာတင်သွင်းခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီကလည်း မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲတဲ့ ဥပဒေအရ လူအများစုဟာ မြေယာတွေ ဆုံးရှုံးရမှာဖြစ်သလို၊ တရားစွဲခံရမယ့်အခြေအနေရှိနေတာကြောင့် ဒီဥပဒေနဲ့အညီ အကောင်အထည်ဖေါ်မယ့် အစီအစဉ်တွေကို ချက်ခြင်းရပ်ဆိုင်းပြီး ပြန်လည် သုံးသပ်ဖို့ မြန်မာအစိုးရကို အခုလို တိုက်တွန်းသွားပါတယ်။
"ဒီကနေ့ဟာဆိုရင် မြန်မာနိုင်ငံမှာ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲ မှု ဥပဒေအရ ကျေးလက်ဒေသမှာ နေထိုင်ကြတဲ့ ထောင်သောင်းချီရှိမယ့် လူတွေအတွက် သူတို့မြေယာတွေမှာ တရားဝင်ခွင့်ပြုချက်မရပဲ ဆက်လက်လုပ်ကိုင်နေတယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုခံရမယ့် အခြေအနေဆိုက်ရောက်တဲ့ နေ့လို့ ပြောရမှာပါ။ ဘိုးစဉ်ဘောင်ဆက်နေထိုင်ခဲ့တဲ့ သူတို့ မြေယာတွေမှာ ဆက်လက်နေထိုင် လုပ်ကိုင်နေတယ်ဆိုပေမယ့် အစိုးရရဲ့ ခွင့်ပြုချက်တရားဝင်မရှိကြပါဘူး။ မြန်မာနိုင်ငံရဲ့ မြေယာ သုံးပုံတပုံနီးပါးဟာ မြေလွတ်မြေရိုင်းတွေအဖြစ် သတ်မှတ်ခံထားရပြီး အဲဒီမြေအများစုဟာလည်း တိုင်းရင်းသားဒေသတွေမှာရှိနေတာပါ။ အခုပြင်ဆင်လိုက်တဲ့ဥပဒေသစ်အရဆိုရင် ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းပိုင်ဆိုင်ခဲ့တဲ့ တိုင်းရင်းသာမျိုးနွယ်စုတွေ၊ ပဋိပက္ခကြောင့် ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြသူတွေပိုင်ဆိုင်ထားတဲ့ မြေယာတွေ အားလုံးကို မြေလွတ် မြေရိုင်းတွေအဖြစ် သတ်မှတ်ခံရမှာဖြစ်ပါတယ်။ ဒါကြောင့်လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဒီမြေယာဥပဒေသစ်က ထည့်သွင်းစဉ်းစားခြင်းမရှိပါဘူး။ ဒီဥပဒေဟာ လူပေါင်း မြောက်များစွာကို ထိခိုက်မှာဖြစ်သလို၊ မြေယာပိုင်ဆိုင်မှု လုံခြုံရေးမရှိတဲ့ကိစ္စကြောင့် ပဋိပက္ခသံသရာဖြစ်စေမှု၊ ဆင်းရဲမွဲတေမှု၊ အခွင့်အရေးတွေ ပစ်ပယ်ခံရမှု စတာတွေဟာ ဆိုးဆိုးရွားရွားဒုက္ခရောက်မယ့် အလားအလာတွေဖြစ်ပါတယ်။ "
သတ်မှတ်ချက်နောက်ဆုံးရက်ဖြစ်တဲ့ မတ်လ (၁၁)ရက်နေ့က ရန်ကုန်မြို့မှာ ဒီမြေလွတ် မြေရိုင်း စီမံခန့်ခွဲတဲ့ ဥပဒေသစ်ရဲ့ ထိခိုက်နစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ အခုလို သတ်မှတ်ထားတဲ့ ကာလအတွင်း လျှောက်လွှာတင်သွင်းခြင်း မရှိသူတွေအနေနဲ့ ရင်ဆိုင်ရမယ့် အန္တရာယ်အခက်အခဲတွေကို လူထုအခြေပြု ဥပဒေကူညီမှု ကွန်ရက်က တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်သဉ္ခာဦးက အခုလို သတင်းထောက်တွေကို ပြောပါတယ်။
" မတ်လ ၁၁ ရက်ကနေစပြီးတော့ ဒီဥပဒေရဲ့ အကျိုးသက်ရောက်မှုက ဥပမာ မလျောက်လို့ရှိရင် ရာဇဝတ်သင့်နိုင်တဲ့ ကိစ္စ ၊ မြေကို သိမ်းခံရနိုင်တဲ့ ကိစ္စ ၊ ကိုယ့်ရဲ့ ေ့မြပေါ်မှာ လုပ်ကိုင်နေတာကို ကိုယ်က ပြန်ပြီး ကျူးကျော်နေတဲ့ အခြေအနေမျိုးဖြစ်သွားတဲ့ ကိစ္စတွေ ပေါ်လာတော့မယ်ပေါ့နော် "
၂၀၁၂ခုနှစ် ဦးသိန်းစိန် အရပ်သားတပိုင်း အစိုးရလက်ထက်မှာ စတင်ပြဌာန်းခဲ့တဲ့ မြေယာဥပဒေအရလည်း တောင်သူလယ်သမား အများစု တရားစွဲခံရတဲ့ ပြဿနာတွေကို အခုချိန်ထိဖြေရှင်းပေးနိုင်ခြင်းမရှိသေးတဲ့အပြင် နောက်အသစ်ပြဌာန်းလိုက်တဲ့ မြေလွတ်မြေရိုင်း စီမံခန့်ခွဲတဲ့ ဥပဒေအရဆိုရင်လည်း မြေယာတွေမှာ လုပ်ကိုင်စားသောက်နေသူတွေအပေါ် တရားစွဲမှုတွေ ပိုပြီး များပြားလာမှာဖြစ်တယ်လို့ ဒေါ်သဉ္ခာဦးက ဆိုပါတယ်။
မြန်မာအစိုးရအနေနဲ့ ဒီရှုပ်ထွေးခက်ခဲမှုတွေရှိနေတဲ့ မြေယာဥပဒေသစ် ကိုပြန်ပြီးသုံးသပ်တဲ့နေရာမှာ တိုင်းရင်းသားတွေ၊ တောင်သူလယ်သမားတွေနဲ့ လူထုရဲ့ အကြံပေးချက်တွေကို ယူပြီး အသိပညာပေး လှုပ်ရှားမှုတွေ လုပ်သင့်ကြောင်း HRW အာရှရေးရာတာဝန်ခံ Brad Adams က ပြောပါတယ်။
"မြန်မာအစိုးရအနေနဲ့ ဒီဥပဒေသစ်အရ အကောင်အထည်ဖေါ်မယ့်အစီအစဉ်တွေကို ဆက်မလုပ်ပဲ ရပ်ဆိုင်းသင့်တယ်လို့ ကျနော်တို့ မြင်ပါတယ်။ ပြည်သူတွေပါဝင်တဲ့ ဆွေးနွေးပွဲတွေပြုလုပ်ပြီး အကြံဉာဏ်တွေရယူသင့်ပါတယ်။ မြေယာပိုင်ဆိုင် ဥပဒေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အများပြည်သူသိစေတဲ့ လှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီမြေယာအများစု ဆုံးရှုံးမယ်နေရာတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့လည်း ဆက်စပ်နေပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ် အောင်မြင်မှုမရမချင်း အဲဒီနေရာတွေမှာ မြေယာဥပဒေကိစ္စကို အကောင်အထည်ဖေါ် ဆောင်ရွက်တာမျိုး မလုပ်သင့်ပါဘူး။
မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားဒေသတချို့ ဥပမာ- ကရင်၊ ကရင်နီနဲ့ ရှမ်းပြည်နယ်တွေက မြေယာတွေကို ဒီဥပဒေအသုံးချပြီး ငွေကြေး၊ အာဏာရှိသူတွေက လာပြီး သိမ်းယူနိုင်ခြေရှိနေတာကို အများက စိုးရိမ်နေကြောင်းလည်း Brad Adams ကပြောသွားပါတယ်။
မြေလွတ်မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲမှု ဥပဒေအရ လျှောက်ထားရမယ့် လုပ်ငန်းစဉ်တွေမှာ အခက်အခဲတွေ၊ အငြင်းပွားဖွယ်ရာတွေ၊ ကြီးမားလှတဲ့ ဆုံးရှုံးမှုတွေရှိနေကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေအပါအဝင် မြန်မာ အရပ်ဖက်အဖွဲ့အစည်း စုစုပေါင်း (၄၁)ဖွဲ့က အစိုးရကို တင်ပြထားပေမယ့် တာဝန်ရှိသူတွေဘက်က လက်ခံစဉ်းစား တုံ့ပြန်တာမရှိသေးဘူးလို့ အရပ်ဖက်အဖွဲ့အစည်းတွေကပြောပါတယ်။
Your browser doesn’t support HTML5