စစ်ကောင်စီကိုယ်စားလှယ်အပေါ် ILO သဘောထား ဒီအပတ်အတွင်းဆုံးဖြတ်ဖွယ်ရှိ (Burma Point ပြောခွင့်ရ ကိုမိုးချမ်း) 

မှတ်တမ်းဓါတ်ပုံ- ၂၀၂၁ မေလ ၂၀ ရက်နေ့က ILO အစည်းအဝေးတခု

(Zawgyi/Unicode)

ILO ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် မှာ စစ်ကောင်စီကနေ မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ကိုယ်စားလှယ်အသစ်တင်သွင်းခဲ့ရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM Myanmar) က ကန့်ကွက်ခဲ့သလို NUG အမျိုးသားညီညွတ်ရေးအစိုးရကလည်း ကန့်ကွက်ထားပါတယ်။

ဒါကြောင့် စစ်ကောင်စီက အဆိုပြုထားတဲ့ကိုယ်စားလှယ်ကိစ္စနဲ့ ပတ်သက်လို့ Credential Committee စစ်ဆေး အဆုံးအဖြတ်ပေးမယ့် ကော်မတီက ကိုင်တွယ်နေပြီဖြစ်ပါတယ်။ ဒီသီတင်းပတ်အတွင်း ကော်မတီအနေနဲ့ ဆုံးဖြတ်ဖို့ အလားအလာ ရှိနေတာနဲ့ ပတ်သက်လို့ CTUM ရဲ့ မိတ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ Burma Point ရဲ့ ပြောခွင့်ရ ကိုမိုးချမ်း ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုမိုးချမ်း။ ။ ဒီတပတ်အတွင်းထဲမှာ တခုခု အဖြေထွက်မယ်လို့တော့ ကျနော်တို့ ယူဆတယ်။ အထူးသဖြင့် Credential Committee ပေါ့နော် အစိုးရတရပ် မြန်မာနိုင်ငံအတွက်ကိုယ်စားပြုမှု ဆိုတဲ့ အစိုးရတရပ်သည် ဒါသူတို့ရဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတယ် မပြည့်စုံဘူးဆိုတာ စိစစ်တဲ့ Credential Committee ပေါ့နော်။ အဲဒီ အရည်အချင်းပြည့်ဝတယ် မပြည့်ဝဘူးဆိုတာ ဒီတပတ်အတွင်း ထူးမယ်လို့ ကျနေ်ာတို့ ယူဆတယ်။ ဒါပေမယ့် အထူးသဖြင့် ကျနော်တို့ နားလည်ထားတာကတော့ CTUM ကလည်း ဒါကို တိုက်နေတဲ့ အပိုင်းမှာ ဒီအခြေအနေလောက်နဲ့ ကျနော်တို့ တင်းတိမ်နေတာ မဟုတ်ဘူး ။ နောက်တဆင့် CTUM နဲ့ ပေါင်းပြီးတော့ စဉ်းစားတဲ့အပိုင်းမှာက ဘာလဲဆိုတော့ ILO မှာ နိုင်ငံပေါင်း ၈၀ ကျော်တယ် အဖွဲ့ဝင်နိုင်ငံတွေက ။ ဆိုတော့ အဲဒီ နိုင်ငံတကာက ပူးပေါင်းပြီးတော့ အားလုံးကနေပြီးတော့ စစ်ကောင်စီကို ILO ကနေပြီးတော့မှ လုံး၀ အသိအမှတ်မပြုဖို့ ။ သူတို့ကို အသိအမှတ်မပြုဘူး တပြိုင်နက်ထဲမှာ NUG အစိုးရ ဦးဆောင်တဲ့ ခုနပြောတဲ့ NUG အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသမဂ္ဂ CTUM ကိုပဲ မြန်မာနိုင်ငံရဲ့ တရားဝင် ကိုယ်စားလှယ်အနေနဲ့ အသိအမှတ်ပြုဖို့အတွက်ပဲ ဆိုတဲ့ ဒုတိယအဆင့်ကိုပါ ကျနော်တို့ ဦးတည်နေတာဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ ILO မှာ အဓိက ဆုံးဖြတ်မယ့်နိုင်ငံတွေ အဖွဲ့ဝင်နိုင်ငံတွေ အပိုင်းပေါ့နော် အဲဒီမှာ အခု မြန်မာနိုင်ငံလက်ရှိအခြေအနေအရ ဒီမြန်မာနိုင်ငံရဲ့ NUG ပေါ့နော် ဒီမိုကရေစီရေး လှုပ်ရှားမှုဘက်ကို ရပ်တည်သလား ဒါမှမဟုတ် စစ်ကောင်စီကိုပဲ ရပ်တည်မလားပေါ့နော် ။ ဆိုတော့ ILO အနေအထား အဖွဲ့ဝင်နိုင်ငံတွေရဲ့ အနေအထား ကိုရော ဘယ်လိုသုံးသပ်သလဲရှင့်။

ကိုမိုးချမ်း။ ။ အဲဒါကတော့ လက်ရှိအနေအထားမှာ ကျနော်တို့ဘက်က အားရှိတာက ဘာလဲဆိုတော့ နိုင်ငံတော်တော်များများက စကစ ဘက်ကနေပြီးတော့ ဘယ်သူမှ ထောက်ခံပြီးပြောမယ့်လူမရှိကြဘူး။ ဒါကတော့ လက်တွေ့အခြေအနေ မြေပြင်အခြေအနေမှာရှိနေတယ်။ ဘယ်နိုင်ငံကမှ ဘယ်ကိုယ်စားလှယ်ကမှ စကစ ဘက်ကနေပြီးတော့ ရပ်တည်ပြောနေတာမရှိဘူး။ ဒါတချက်၊ နောက်တချက်က ကျနော်တို့ ဒီမှာ အားလုံးနားလည်ရမှာက ILO ဆိုတာ ကုလသမဂ္ဂရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း တခု ။ ဒီ ကြီးမားတဲ့ အစိတ်အပိုင်းမှာ ကျနော်တို့ Veto ဆိုတဲ့ ပါဝါ လုံးဝမရှိဘူး ။ ဘယ်နိုင်ငံမှာမှ Veto ပါဝါ မရှိတဲ့အတွက် အများရဲ့ သဘောဆန္ဒနဲ့အညီသွားတာ အဲဒီအတွက်ကြောင့် အခုလိုမျိုး စကစ ဘက်က ကာကွယ်ပြီးပြောမယ့်ဟာ မရှိတာက ကျနော်တို့အတွက် အင်အားအခြေအနေ ကောင်းတယ်လို့ ကျနော်တို့ ယူဆတယ်။ ဒီအခြေအနေသည် လာမယ့် စက်တင်ဘာမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အောက်တိုဘာလ- နိုဝင်ဘာလအထိ အရမ်းအရေးကြီးပါတယ်၊ အရမ်းအရေး ပါပါတယ်။ ဒီအတွက်ကြောင့် ကျနော်တို့ Campaign တွေလုပ်နေရတာပေါ့နော်။ ပြည်ပမှာ ရောက်နေတဲ့ မြန်မာပြည်သူတွေက ပိုပြီးတော့ လုပ်ပေးနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒါအင်တာနက်နဲ့ လုပ်ရုံပဲ တော်တော်အလုပ်ဖြစ်နေပြီ။

မအင်ကြင်းနိုင်။ ။ အခုစစ်အာဏာသိမ်းလိုက်တော့ မြန်မာနိုင်ငံမှာ CTUM အခြေအနေကရော ဘယ်လိုရှိသလဲ သူတို့ရော ဖိနှိပ်ခံနေရသလား သူတို့ရပ်တည်တဲ့အနေအထား ဘယ်လိုရှိနေသလဲရှင့်။

ကိုမိုးချမ်း။ ။ CTUM အနေနဲ့ မြန်မာနိုင်ငံမှာ အရမ်းကို ကျပ်ကျပ်တည်းတည်းဖြစ်နေတယ်ပေါ့နော်။ ဖိနှိပ်ခံရသူတွေအများကြီးရှိတယ်။ အလုပ်သမားပေါင်းများစွာ ထောင်ကျနေတဲ့သူရှိတယ်။ ပြေးနေတဲ့လူရှိတယ်၊ ပုန်းနေတဲ့လူရှိတယ်။ တချို့က ဝရမ်းထုတ်ခံထားရတာရှိတယ်။ အထူးသဖြင့် CTUM အဖွဲ့ဝင် ခေါင်းဆောင်တွေထဲမှာပေါ့နော် ဝရမ်းထုတ်ခံထားရတာရှိတယ်။ ပုဒ်မတွေ ထုတ်ပြီးတော့ အတပ်ခံထားရတာတွေရှိတယ် ဥပမာ ၅၀၅ ပေါ့နော် ဒါမျိုးတွေ အတပ်ခံထားရတာတွေရှိတယ်။ အဲဒီအတွက်ကြောင့် သူတို့တွေအနေနဲ့ ကိုယ့်နေရာဒေသမှာတွေ မနေနိုင်တော့ပဲနဲ့ ထွက်ပြေးနေရတာတွေ ရှိတယ်။ ပုန်းနေရတာတွေရှိတယ်။ ဆိုတော့ အဲလိုအနေအထားမျိုးမှာ အခုလိုမျိုး ILO မှာတက်ပြီးတော့ စကစ ကို စိန်ခေါ်ပြီးတော့မှ တိုက်ပွဲဝင်နေတာက ကျနော်တို့အနေနဲ့ ဒါမကူညီလို့ မရဘူး။ မထောက်ခံလို့ မရဘူး။ ကျနော်တို့ ရောက်ရာအရပ်က ဝိုင်းပြီးတော့ ဖေးမပေးဖို့ လိုတယ်။ အဲဒီအတွက်ကြောင့် ဝိုင်းလုပ်ပေးနေခြင်းဖြစ်တယ်။

Your browser doesn’t support HTML5

စစ်ကောင်စီကိုယ်စားလှယ်အပေါ် ILO သဘောထား ဒီအပတ်အတွင်းဆုံးဖြတ်ဖွယ်ရှိ (Burma Point ပြောခွင့်ရ ကိုမိုးချမ်း)

.............


(Unicode)





