သတင်းသမားတွေသတ်ဖြတ်ခံရမှု CPJ နှစ်စဉ်အစီရင်ခံစာထဲ မြန်မာပါဝင်

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ မှာ စစ်တပ်က ဖမ်းဆီးထားချိန် သတ်ဖြတ်ခံခဲ့ရပြီး ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ ဗုံးခိုကျင်းထဲ မြေမြှုပ်ထားတဲ့အလောင်းကိုပြန်တွေ့ခဲ့ရတဲ့ သတင်းထောက် မြတ်သူထွန်း။ (ဓာတ်ပုံ-CPJ)

ကမ္ဘာအဝှမ်း သတင်းမီဒီယာသမားတွေကို သတ်ဖြတ်မှုမှာ ကင်းလွတ်ခွင့်ပေးတဲ့ နိုင်ငံစာရင်းကို CPJ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီက ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံက အဆိုးဆုံး ၁၀ နိုင်ငံစာရင်းမှာပါဝင်နေပါတယ်။၂၀၂၄ ခုနှစ်အတွင်း သတင်းသမားသုံးဦးဖြစ်တဲ့ ထက်မြတ်သူဝင်းထွဋ်ဦးနဲ့ မြတ်သူထွန်းတို့ကို သတ်ဖြတ်ခံရမှုကို CPJ က ဖော်ပြထားတာပါ။

သတင်းထောက်ဝင်းထွဋ်ဦးနဲ့ ထက်မြတ်သူတို့ဟာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ထဲ ဩဂုတ်လပိုင်းက သူတို့နေအိမ်တွင်းမှာပဲ စစ်တပ်က ဝင်ရောက်စီးနင်းပစ်သတ်ခံရတာလို့ ဒေသံတွေက VOA ကို ပြောထားပါတယ်။ သတင်းထောက်မြတ်သူထွန်း ခေါ် ဖိုးသီဟကိုတော့ ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်အတွင်းမှာ စစ်တပ်က သတ်ဖြတ် မြေမြှုပ်ခဲ့တာလို့UNESCO ကလည်း ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဆယ်ဂဏန်းရှိတဲ့ သတင်းသမားတွေ ဖမ်းဆီးထိမ်းသိမ်းခံနေရဆဲပါ။ CPJ က အခု ဗုဒ္ဓဟူးနေ့ ထုတ်ပြန်တဲ့အစီရင်ခံစာထဲမှာ သတင်းထောက်တွေ သတ်ဖြတ်ခံရမှုကို အရေးမယူဘဲထားတဲ့ နိုင်ငံတွေထဲ ဟေတီနဲ့ အစ္စရေးနိုင်ငံတို့က တော့ အဆိုးဆုံးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘာ့တဝှမ်းမှာ သတင်းထောက်တွေ သတ်ဖြတ်ခံရမှု ၈၀ ရာခိုင်နှုန်းနီးပါးကို ဖော်ထုတ်အရေးယူနိုင်ခြင်းမရှိဘူးလို့လည်း ဒီအစီရင်ခံစာမှာဖော်ပြပါတယ်။

သတင်းထောက်တွေ သတ်ဖြတ်ခံရမှုကို အရေးမယူဘဲထားရင် တခြားသတင်းထောက်တွေလည်း တိုက်ခိုက်ခံရနိုင်တဲ့အခြေအနေဖြစ်လာနိုင်တယ်လို့ CPJ အမှုဆောင်အရာရှိ Jodie Ginsberg က ဗွီအိုအေကို ပြောပါတယ်။

CPJ ရဲ့ နှစ်စဉ်ထုတ်ပြန်နေကျ ဒီအစီရင်ခံစာတွေအနက် အခုနှစ်အစီရင်ခံစာမှာတော့ အဆိုးဆုံးနိုင်ငံထဲ အစ္စရေးကို ပထမဆုံးတွေ့ရတာပါ။ ဂါဇာနဲ့လက်ဘနွန်မှာ သတင်းထောက်ငါးဦးကို အစ္စရေးစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

သတင်းသမားတွေသတ်ဖြတ်ခံရမှု CPJ နှစ်စဉ်အစီရင်ခံစာထဲ မြန်မာပါဝင်