ထောင်ဒဏ်ချမှတ်ခံရတဲ့ DVB သတင်းထောက် ၂ ဦးကို ချက်ချင်းပြန်လွှတ်ဖို့ CPJ တောင်းဆို

ကျောင်းဂိတ်တံခါးတခုမှာ တာဝန်ချထားတဲ့ မြန်မာရဲများ (ဓာတ်ပုံ- AFP)

(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေထဲက သတင်းသမား ၂ ယောက်ကို အာဏာပိုင်တွေ ထောင်ဒဏ် ၂ နှစ် အပြစ်ပေးလိုက်တဲ့အတွက် နယူးယောက် အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) က ပြစ်တင်ရှုတ်ချလိုက်ပြီး ချက်ခြင်းပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် ကိုအောင်ကျော်နဲ့ မဇ္ဈိမသတင်းဌာနက ကိုဇော်ဇော်တို့က တနင်္သာရီတိုင်း မြိတ်မြို့တရားရုံးက တပ်မတော်ကို အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ ဗုဒ္ဓဟူးနေ့က ထောင်ဒဏ် ၂ နှစ်စီ စီရင်ချက်ချလိုက်တာပါ။ သတင်းရေးသား ဖော်ပြတာဟာ ရာဇဝတ်မှု မဟုတ်တာကြောင့် မြန်မာစစ်အာဏာပိုင်တွေ အနေနဲ့ သတင်းသမားတွေကို မမှန်ကန်တဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထောင်ချတာတွေကို ရပ်ဖို့လည်း CPJ အဖွဲ့ရဲ့ အရှေ့တောင်အာရှရေးရာ တာဝန်ခံ Shawn Crispin ကြေညာချက်မှာ ပြောဆိုထားပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မြိတ်မြို့က ဆန္ဒပြလှုပ်ရှားမှုတွေကို သတင်းယူခဲ့ကြတဲ့ သတင်းထောက်ကိုအောင်ကျော်ကို မတ်လ ၁ ရက်နေ့နဲ့ ကိုဇော်ဇော်ကိုတော့ ဧပြီလ ၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တာပါ။ DVB သတင်းထောက် ကိုအောင်ကျော် အနေနဲ့ မတရားဖမ်းဆီး ထောင်ချခံရတယ်လို့ ယုံကြည်တာကြောင့် ပြစ်ဒဏ်အပေါ် အယူခံမဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဇနီးဖြစ်သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေထဲက သတင်းသမားတွေကို ထောင်ဒဏ် စီရင်ချက်ချတာ ဒါဟာဒုတိယအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာတုန်းကလည်း DVB သတင်းထောက် ကိုမင်းညိုကို ပုဒ်မ ၅၀၅ (က) နဲ့ပဲ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာပါ။

ကုလသမဂ္ဂနဲ့ အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ သတင်းထောက်တွေ အပါအဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ ဖိအားပေး တောင်းဆိုနေတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေကို ခရီးထွက်နေတဲ့ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ကလည်း မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသားသတင်းထောက် ၂ ဦးဖြစ်ကြတဲ့ ကမာရွတ်မီဒီယာက ကိုနေသန်မောင်နဲ့ Frontier Myanmar သတင်းဌာနက အယ်ဒီတာတဦးဖြစ်သူ Daniel Fenster တို့ကို ပြန်လွှတ်ပေးဖို့ ဗုဒ္ဓဟူးနေ့ကပဲ တောင်းဆိုခဲ့ပါတယ်။

................................................................................

Your browser doesn’t support HTML5

ထောင်ဒဏ်ချမှတ်ခံရတဲ့ DVB သတင်းထောက် ၂ ဦးကို ချက်ချင်းပြန်လွှတ်ဖို့ CPJ တောင်းဆို



(Unicode)


