ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် မြေဧက ၅၀၀ ကျော်ပေါ်က အမေရိကန်ဒေါ်လာ ၁ ဘီလီယံကုန်ကျမယ့် Korea-Myanmar Industrial Complex ကိုရီယား-မြန်မာ စက်မှုမြို့တော်စီမံကိန်းကို စတင်လိုက်ကြောင်း တောင် ကိုရီးယားသမ္မတရဲ့ ဒီနေ့ ရန်ကုန်ခရီးစဉ်အတွင်းမှာ ကြေညာ လိုက်ပါတယ်။ မြန်မာ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ကိုရီးယားသမ္မတ Moon Jae-in တို့ ပူးတွဲတတ်ရောက်တဲ့ ဒီနေ့ ရန်ကုန်မြို့ Lotte ဟိုမှာ ကျင်းပတဲ့ ပွဲမှာ ဒီ စီမံကိန်းစတင်ကြောင်း ကြေညာလိုက်ကြတာပါ။ ဒီအခမ်းအနားကို နှစ်နိုင်ငံလုပ်ငန်းရှင်တွေလည်း တတ်ရောက်ပြီး သီးခြားပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေကိုလည်း ဆွေးနွေးကြပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားတာပါ။
ဒီကနေ့ Lotte ဟိုမှာ ကျင်းပတဲ့ အခမ်းအနားနဲ့ပတ်သက်လို့ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။
“ ညောင်နှစ်ပင် ပရော့ဂျက်ကိုစပြီးတော့ အကောင်အထည်ဖော်ဖို့ စတင်တာပေါ့ ဒီနေ့စတာပေါ့။ နှစ်နိုင်ငံ အစိုးရချင်း ပေါင်းပြီးလုပ်ကြတာ။ ကျနော်တို့ဘက်က ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ဟိုဘက်က L & H ပေါ့ ကိုရီးယားဘက်က Land & Housing ပေါင်းပြီးလုပ်ကြ တာဆိုတော့ ဒီနေ့က launch လုပ်တဲ့နေ့ပေါ့။”
ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့ ကိုရီးယားဘက်က လုပ်ငန်းရှင်တွေ သီးခြားတွေ့ဆုံပြီး လုပ်ငန်းပူးပေါင်းဆောင်ရွက်လို့ရမယ့် ကိစ္စတွေကို ဒီနေ့ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း UMFCCI ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောပါတယ်။
“ သူတို့လာကြတဲ့ဟာက လူဦးရေက ၂၀၀ လောက်ရှိတာ ကုန်သည်တွေက ၁၂၀ လောက်ရှိတယ်ပြောတယ် ၁၇၀၊ ၂၀၀ လောက်ရှိတယ်ပြောတယ်။ ဆိုတော့ မြန်မာက ဘယ်လောက်ရှိလဲတော့ ကျနော်လည်းမသိဘူး နေပြည်တော်မှာတော့တွေ့ပြီးသွားပြီ။”
ရန်ကုန်တိုင်း ဒလမြို့နယ် မြို့ပြစီမံကိန်းအတွက် မြန်မာ-ကိုရီးယား MOU လက်မှတ်ဖို့ အစီအစဉ်လည်း ဒီနေ့လုပ်ခဲ့ပါတယ်။ ကိုရီးယားကုမ္ပဏီတွေ မြန်မာပြည်တွင်း အဆင်ပြေပြေဝင်ရောက်လာဖို့ ၂၀၁၃ မှာ နှစ်နိုင်ငံပထမဆုံး ဆွေးနွေးခဲ့ပြီး ၂၀၁၅ စက်တင်ဘာမှာ ဒီစီမံကိန်းကို နားလည်မှုစာချွန်လွှာ MoU ရေးထိုးခဲ့ပါတယ်။ လုပ်ငန်းသဘောတူစာချုပ် MOA ကိုတော့ ၂၀၁၇ မေလမှာ ရေးထိုးခဲ့တာလို့ Business Korea သတင်းစာက ရေးသားခဲ့ပါတယ်။
ညနေပိုင်းမှာတော့ သမ္မတ Moon Jae-in ဦးဆောင်တဲ့ ကိုယ်ရီးယားကိုယ်စားလှယ်အဖွဲ့ဟာ ဗဟန်းမြို့နယ်အတွင်းမှာရှိတဲ့ အာဇာနည်ဗိမ္မာန်ကို သွားရောက် ဂါရဝပြုခဲ့ပါတယ်။
မနေ့ကစက်တင်ဘာ ၃ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် ဒီလှည်းကူး စက်မှုမြို့တော်စီမံကိန်းအတွက် ကိုရီးယာနိုင်ငံပိုင် Land & Housing လုပ်ငန်းတွေကြန့်ကြာမှုမရှိအောင်လုပ်ပေးဖို့ ကိုရီးယားသမ္မတက တိုက်တွန်းထားပါတယ်။ မနေ့ကပဲ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ ကိုရီးယား သွင်းကုန်၊ ထုတ်ကုန်ဘဏ်တို့ ဒီစီမံကိန်းအတွက် ကုန်ကျမယ့် မြန်မာဘက်ကချေးငွေကိစ္စကို သဘောတူ လက်မှတ် ရေးထိုးခဲ့ပါတယ်။
အခုနှစ်ပထမ ၆လပတ်ထဲ မြန်မာပြည်ထဲ စီမံကိန်းပေါင်း ၁၇၅ ခုကနေ ဒေါ်လာ ၃.၆၇ ဘီလီယံရင်းနှီးမြှုပ်နှံထားပြီး တရုတ်၊ စင်္ကာပူ၊ ထိုင်း၊ ဟောင်ကောင်နဲ့ UK ပြီးရင် ကိုရီးယားက နံပတ် ၆နေရာမှာ အများဆုံး ရင်းနှီးမြှုပ်နှံထားပါတယ်။
ကိုရီးယားသမ္မတဟာ ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံ ၆ ရက်တာခရီးစဉ်ရဲ့ တစိတ်တဒေသအဖြစ်နဲ့ မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်လာတာဖြစ်ပြီး သူဟာ ၁၉၈၃ နောက်ပိုင်း မြန်မာပြည်ကိုလာခဲ့တဲ့ တတိယမြောက် ကိုရီးယားသမ္မတလည်းဖြစ်ပါတယ်။
Your browser doesn’t support HTML5